ရခိုင်ပြည်မှာ တိုက်ပွဲဆက်

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် ဟာ မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

အရင်က အင်အားသုံးရာဝန်းကျင်သာရှိခဲ့ရာက မနှစ်ကစပြီး အင်အား နှစ်ထောင်ကျော်ဖြစ်လာခဲ့ကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆီက စစ်ရေးသင်တန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောပါတယ်။

မြောက်ပိုင်းဒေသ တရုတ်နယ်စပ် ကိုးကန့်နယ်မှာ MNDAA ကိုးကန့်တပ်တွေနဲ့ အစိုးရ တပ်ကြား ဖေဖေါ်ဝါရီ လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ရက္ခိုင့် တပ်မတော် AA ဟာ ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းဖေါ်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုးအပြီးမှာတော့ ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို ပြန်ပြီး ဦးလှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

"ကျနော်တို့ ရခိုင်တပ်မတော်က အဲ့ဘက်မှာလှုပ်ရှားနေတာကြာပြီ၊ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲဖြစ်သွားတာပေါ့နော်၊ မတ်လ ၂၉ ရက်နေ့မှာဖြစ်တယ်၊ အဲ့မှာတော့ ဗမာ့တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်ကျတယ်၊ နှစ်ယောက်ကို ကျနော်တို့ဖမ်းဆီးမိတယ်၊ နောက် ဧပြီလ ၁ဝ ရက်နေ့မှာ တစ်ခါဖြစ်တယ်၊ နောက်ဧပြီ ၁၇၊ ၁၈ ပေ့ါနော်"

ဒါပေမဲ့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကတော့ ရက္ခိုင့်တပ်မတော်ဟာ ကိုးကန့်တပ်လို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သေးငယ်တဲ့အဖွဲ့လေးသာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA အခြေစိုက်ရာ ပန်ဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို UWSA က ဖိတ်ကြားထားပါတယ်။ ဒီအပေါ် အစိုးရတပ်မတော်က AA၊ TNLA နဲ့ MNDAA တို့ကို အမြင်မကြည်လင်တာတွေရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ AA အနေနဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း၊ ရက္ခိုင့်တပ်မတော်အနေနဲ့ NCCT အဖွဲ့ဝင်ဖြစ်လိုပေမဲ့ အစိုးရကအသိအမှတ်မပြုတဲ့အတွက် စိတ်မကောင်းကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။