အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုရေး၊ နိုင်ငံရေးအကျဉ်သားဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်သူတွေကြား အနီးစပ်ဆုံး တူညီအောင်ဖွင့်ဆိုနိုင်ရေးနဲ့ အကျဉ်းသားဟောင်းများ ဘဝပြန်လည်ထူထောင်ရေးဆိုတဲ့အချက် ၃ချက်ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ AAPP အတွင်းရေးမှုး ဦးတိတ်နိုင် က RFA ကို ပြောပါတယ်။
"အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၁၈ယောက် ကျန်နေသေးပါတယ်၊ ဒီ့အပြင် အခုတရားရင်ဆိုင်နေရတဲ့သူတွေ၊ ကချင်ပြည်နယ်မှာ ဖမ်းထားတဲ့လူတွေရောဆိုရင် ၃၅ဝ၊ ၃၆ဝလောက်ရှိပါတယ်၊ ကျနော်တို့စာရင်းနဲ့ ဒီနိုင်ငံရေးအကျဉ်းသားတွေရဲ့စားရင်းပြုစုနေတဲ့ အဖွဲ့အစည်းတွေရဲ့စာရင်းနဲ့ အနည်းငယ်ကွာဟမှုတွေရှိပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုနည်းကို ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးတယ်၊ အဲလိုဆွေးနွေးတဲ့အခါ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တူညီမှသာလျှင် ဒီဂဏန်းတွေလည်း လိုက်တူနိုင်တယ်လို့ စဉ်းစားတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ဆွေးနွေးပါတယ်"
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်နဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် တို့ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၅ရက်နေ့က ရောက်ရှိလာခဲ့ကြပါတယ်။