၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ ကိုမင်းကိုနိုင် ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးအတွက် ညီလာခံကျင်းပပြီး သမဂ္ဂ ဖွဲ့စည်းခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်ပြီးလျှို့ဝှက် ဖွဲ့စည်းခဲ့တာလို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကိုပြောပါတယ်။
အဲဒီအခမ်းအနားမှာ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က စာတမ်းတစ်စောင် တင်သွင်းပြီး ဒေသဆိုင်ရာအလိုက် ဗကသ တာဝန်ခံတွေက ဝိုင်းဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲပြီးတဲ့နောက် ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေဟာ ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် သံလျင်မြို့နယ်မှာ အလှူခံ ထွက်ကြပါတယ်။ အခုဆိုရင် အလှူငွေ ၁၀ သိန်းကျော်နဲ့ အဝတ်အထည်တွေ၊ ရိက္ခာခြောက်တွေ လက်ခံရရှိထားတယ်လို့ ကိုကျော်ကိုကို ကပြောပါတယ်။
"ဧရာဝတီတိုင်းမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေအတွက်ကို စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကို သွားရောက် လှူဒါန်းဖို့က အခုက အလှူခံထွက်တယ်ဗျ။ ပထမနေ့က အလှူခံထွက်တဲ့ အခါမှာ နှစ်သိန်းကျော်လောက် ရရှိပါတယ်။ ဒုတိယနေ့မှာ ထပ်ပြီးတော့ စမ်းချောင်းမြို့နယ် တစ်ဝိုက်မှာ အလှူခံထွက်လိုက်တာ ၈ သိန်းခွဲလောက် ရရှိပါတယ်။ အဲတော့ ကျွန်တော်တို့ ဆီမှာ ၁၀ သိန်းကျော်ကျော် ရှိနေပါပြီခင်ဗျ။ အခု ထပ်ပြီးတော့ သန်လျင်မြို့နယ်မှာ အလှူခံ ထွက်မယ် ဆိုလို့ရှိရင် အဲဒီပိုက်ဆံအကုန်လုံးကို ပေါင်းပြီးတော့ စက်တင်ဘာ ၁ ရက်နေ့ နောက်ပိုင်းမှာပေါ့၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သွားရောက်လှူဒါန်းနိုင်မယ်လို့ ယူဆပါတယ်"
ဗကသများ အဖွဲ့ချုပ်ဟာ အခုဆိုရင် မြန်မာနိုင်ငံတဝှမ်း ခရိုင် ၂၃ ခုနဲ့ မြို့နယ် ၅ ခုမှာ ဖွဲ့စည်းနိုင်ခဲ့ပြီး ကျန်ခရိုင်နဲ့ မြို့နယ်တွေမှာ ဆက်လက်ဖွဲ့စည်းဖို့လည်း ကြိုးစားနေတယ်လို့သိရပါတယ်။
၂၀၀၇ မျိုးဆက် ကျောင်းသားတွေ ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
