ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မြေလတ်) ဖြစ်ပေါ်လာရေးအတွက် စတင်လုပ်ဆောင်မယ့် ကော်မတီတရပ်ကို မကွေးမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ မြေလတ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ကျောင်းသား မျိုးဆက်သစ်တွေ မနေ့က တွေဆုံခဲ့ပြီး တိုင်ပင်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၈၈ မျိုးဆက် မြေလတ် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။
" ကျွန်တော်တို့ ၁၉၈၈-၁၉၉၀ တဝိုက်က လုပ်ခဲ့တဲ့ မကညတ ဆိုတာရှိပါတယ်။ မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသားများ ညီညွတ်ရေး တပ်ပေါင်းစုပေါ့ဗျာ။ ဟိုတုန်းက ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ အခုလက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန် ကျွန်တော်တို့က ပေးအပ်တဲ့ သဘောပါပဲခင်ဗျ"
မနေ့က တွေ့ဆုံပွဲမှာ မကွေးမြို့မှာရှိတဲ့ တက္ကသိုလ် ၆ ခုက ကျောင်းသား၊ ကျောင်းသူ ၃၀ လောက် တက်ရောက်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပြန်လည်ဖွဲ့စည်းနိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ တတိယနှစ် ဆေးတက္ကသိုလ် ကျောင်းသား ကိုမင်းသော်ဇင်က အခုလိုပြောပြပါတယ်။
" ဟိုတုန်းက ကျောင်းသားဟောင်းတွေပေါ့နော်။ သူတို့ကနေပြီးတော့ ကျွန်တော်တို့ကို လုပ်ပုံလုပ်နည်းတွေ ညွန်ပြပေးတာပေါ့။ ဒီသမဂ္ဂကို ဘယ်လိုဖွဲ့စည်းကြမလဲ ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ ဖြစ်မြောက်ရေး ကော်မတီကို ယာယီ ဖွဲ့လိုက်တာပေါ့။ ကျွန်တော်ကတော့ ရှိစေချင်တာပေါ့။ ကျောင်းသားတွေ ရှိတဲ့နေရာမှာ ကျောင်းသား သမဂ္ဂကတော့၊ နဂိုကလည်း ရှိခဲ့ကြတာကိုး။ ကျွန်တော်တို့ ခေတ်မှာလည်း ရှိချင်တယ်။ အဓိက ကတော့ ဒီမိုကရေစီ ပညာရေးပေါ့ဗျာ။ အဲတာကို ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ ထင်တာပဲဗျ"
ကိုမင်းသော်ဇင် အပါအဝင် မနေ့က ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ သမဂ္ဂပေါ်ထွန်းရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ မျိုးဆက်ဟောင်း ကျောင်းသားတွေအဖြစ် ကိုအောင်ကျော်ကျော်၊ တောင်တွင်းကြီးက ကိုသန်းနိုင်တို့ အပါအဝင် စုစုပေါင်း ၄ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။