ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ရဲ့ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို အောက်တိုဘာလ (၁၁)ရက် နေ့က တရက်ကြာ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ၂ နိုင်ငံကြား ကုန်သွယ်ရေး၊ ထိုင်းနိုင်ငံရေး အလုပ်သမားတွေအရေး စတာတွေကို ဆွေးနွေးခဲ့တဲ့ အပြင် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဖက်က အသင့်ဖြစ်နေကြောင်း မြန်မာစစ်အစိုးရကို ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က RFA ကို ပြောပါတယ်။ ရွေးကောက်ပွဲအပြီးကာလမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ထိုင်းအစိုးရက အသင့်စောင့်နေပါတယ်။ ကျနော်တို့ နားထောင်ခဲ့ရတဲ့ အချက်တွေအရဆိုရင် ရွေးကောက်ပွဲမှာ ၃၇ ပါတီ ရဲ့ကိုယ်စားလှယ်ပေါင်း သုံးထောင်ကျော် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အခုဆိုရင် ရွေးကောက်ပွဲ စည်းရုံးရေးတွေ လုပ်နေကြပါပြီ။ ဒါကြောင့်ရွေးကောက်ပွဲအပြီး တက်လာမဲ့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းကလည်း အဆင့်သင့် ဖြစ်နေပါတယ်လို့ ပြောသွားပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဒီအကြောင်းကို ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00