ABSDF အဖွဲ့ဝင်ဟောင်းတွေထံက အကြံဉာဏ်ရယူ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ရှင်းလင်းဆွေးနွေးပြီး အကြံဉာဏ်များလည်း တောင်းခံနေတယ်လို့ သိရပါတယ်။

မနေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝင်းမြို့က ABSDF အလုပ်အဖွဲ့ဝင်တွေနဲ့ အင်တာနက် ဗီဒီယိုကတဆင့် ဆွေးနွေးပွဲမှာ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေ စုစုစည်းစည်းရှိကြဖို့ ဥက္ကဋ္ဌ ကိုသံခဲက တိုက်တွန်းတယ်လို့ ကိုအောင်မြင့်ထွန်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးရာမှာ ABSDF အနေနဲ့ ပါဝင်သင့်တဲ့အချက်တွေကို အမေရိကန်ရောက် အဖွဲ့ဝင်ဟောင်းတွေကလည်း တင်ပြခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ ဖိုဒ်ဝင်းမြို့က ABSDF အဖွဲ့ဝင်ဟောင်း ကိုအောင်မြင့်ထွန်းက အခုလို ပြောပါတယ်။

"အကျဉ်းကျနေတဲ့ လက်ရှိ ကျန်ရှိနေသေးတဲ့ လူတွေရယ်၊ ABSDF ရဲဘော်ဟောင်းတွေ တချို့ဖမ်းဆီးခံထားရတာ ရှိတယ်။ အဲတာတွေကို ခြွင်းချက်မရှိ လွတ်မြောက်ရေးကို တောင်းဆိုပေးဖို့ အချက်တစ်ချက်၊ နောက်တစ်ခုက လက်ရှိအစိုးရနဲ့ ကျွန်တော်တို့နဲ့ ပွင့်ပွင့်လင်းလင်း နှစ်ဦးနှစ်ဘက် ပီပီပြင်ပြင် ဆွေးနွေးဖို့ အကြံပြုထားပါတယ်"

ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကျောင်းသားတပ်မတော်အနေနဲ့ နိုင်ငံတကာရောက် အဖွဲ့ဝင်ဟောင်းတွေကို ပြန်လည်စုစည်းနေပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်အဖွဲ့တွေဖွဲ့စည်းပြီး လက်ရှိ ABSDF အဖွဲ့ကို ပိုပြီး အားကောင်းလာအောင် ကြိုးစားနေတယ်လို့ ကိုအောင်မြင့်ထွန်းက ပြောသွားပါတယ်။