ကျောင်းသားတပ်မတော် ၂၃ နှစ်ပြည့် အခမ်းအနား ဖို့ဝိန်းမှာ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်းခဲ့တဲ့ ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အတွက် ဆွမ်းကပ်လှူပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ ABSDF လုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ဖို့ဝိန်းမြို့ဇေတဝန်ဝိဟာရ ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်း ကပ်လှူပြီးတော့ ဟောပြောပွဲနဲ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြပြီး ဒီအခမ်းအနား ကနေ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက် ၃ ရပ် ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းလုပ်ငန်း အဖွဲ့ အမှုဆောင် ကော်မတီဝင် ကိုအောင်မြတ်ထွန်းက ပြောပါတယ်။ ဒီအခမ်းအနားကို ABSDF ရဲဘော်ဟောင်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အမေရိကန် ဌာနခွဲနဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ လူမှုရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်များ စုစုပေါင်း တစ်ရာကျော် တက်ရောက်တယ်လို့ သိရပါတယ်။ ABSDF ကို ၁၉၈၈ခု ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အပြီး နိုဝင်ဘာလ ၁ ရက်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။