မြောက်ပိုင်းမှာ အသတ်ခံခဲ့ရသူတွေအတွက် နှစ်ပတ်လည်

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း) ဒေသမှာ အစိုးရ သူလျှိုတွေအဖြစ် စွပ်စွဲခံရပြီး ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခံရသူတွေအတွက် ရည်စူးကာ ကျန်ရှိနေတဲ့ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ ဆွမ်းကပ် အမျှအတမ်းဝေခဲ့ကြပါတယ် ။

ဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး စသူတွေ တက်ရောက်ခဲ့ပါတယ်။ ABSDF မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ အသတ်ခံရသူနဲ့ သေဆုံးသူ စုစုပေါင်း ၃၈ ဦး ရှိတယ်လို့ အဲဒီအချိန်တုန်းက ထွက်ပြေး လွတ်မြောက်လာသူတွေက ဒီကနေ့ စာရင်းထုတ်ပြန်ပါတယ်။ သေဆုံးသွားသူတွေအတွက် ရန်ကုန် အလုံမြို့နယ် ရွှွေအိုးစည် မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှာ ဆွမ်းကပ် အမျှဝေခဲ့တာလို့ ABSDF မြောက်ပိုင်း သတ်ဖြတ်မှုကနေ ပြန်လည် လွတ်မြောက်လာသူ မသင်းသင်းညီက အာအက်ဖ်အေကို ပြောပါတယ်။ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်တဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဖြစ်မှန်တွေကို ပေါ်ပေါက်အောင် သူတို့အနေနဲ့ ကြိုးပမ်းသွားမယ်လို့ ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းတွေက ပြောပါတယ်။ ABSDF မြောက်ပိုင်း သတ်ဖြတ်မှုမှာ မန္တလေးက လူအများစုပါဝင်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း ဆုတောင်းပွဲ အခမ်းအနားတစ်ခု မန္တလေးမှာ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။