ပြည်သူ့လွှတ်တော်က ပြည်သူ့ငွေစာရင်း ကော်မတီမှာ ကြံ့ဖွံ့ပါတီ အမတ် ၁၀ ဦးနဲ့အခြား နိုင်ငံရေးပါတီတွေက ၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီထဲမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦး ပါဝင်ခွင့် ရရှိတယ်လို့ NDF ပါတီရဲ့ အမတ် ဦးဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။
“ငွေစာရင်းအဖွဲ့တွေပေါ့။ ပြည်သူ့လွှတ်တော်က ၁၅ ဦးတင်တယ်၊ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ကလည်း ပြည်သူ့ငွေစာရင်းအဖွဲ့ကို ၁၅ ဦးနဲ့ ရွေးချယ်ဖြစ်တယ်ပေါ့။ ပြည်သူ့လွှတ်တော်မှာ ဒေါ်တင်နွယ်ဦး ရတယ်ဗျ။ ကျွန်တော်တို့ ပါတီက ပြည်သူ့ ငွေစာရင်းအဖွဲ့တွေပေါ့။”
အမျိုးသားလွှတ်တော်က ပြည်သူ့ငွေစာရင်း ကော်မတီမှာလည်း ကြံ့ဖွံ့အမတ် ၁၀ ဦးနဲ့ အခြား နိုင်ငံရေးပါတီတွေက ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့အခါမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည် ပါဝင်ခွင့် ရရှိတယ်လို့ ဆိုပါတယ်။
ဒီ ငွေစာရင်းကော်မတီမှာ ချင်းတိုင်းရင်းသားတွေရဲ့ ပါတီ ၂ ခုက ကိုယ်စားလှယ်တွေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာလည်း ပြည်သူ့ ငွေစာရင်းကော်မတီ ထပ်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
