NLD-LA ကဒ်အတုပြုလုပ်မှုနဲ့ အဖမ်းခံရသူများ မြန်မာ့အရေး လှုပ်ရှားသူတွေ ဖြစ်

မလေးရှားနိုင်ငံ ကဒါးပြည်နယ်မြို့တော် အာလော်စတားမှာ မေလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရ တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးဟာ NLD-LA လူငယ်အဖွဲ့ခွဲ ကို ကဒါးပြည်နယ်မှာ သီးခြား ထူထောင်ထားပြီး မလေးရှားရောက် မြန်မာမိသားစုတွေအတွက် အကူအညီ ပေးနေသူတွေဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းဆီးခံရတဲ့ ခေါင်းဆောင် ကိုချစ်အေးဟာ အရင် မလေးရှား NLD-LA အလော်စတား ဌာနခွဲ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူလို့ သိရပါတယ်။

အလော်စတား လူငယ်အဖွဲ့ခွဲဟာ မြန်မာဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲတွေကို ကူညီ ဆောင်ရွက်ပေးပြီး၊ နိုင်ငံရေးအသိ စိတ်ဓာတ် နိုးကြား တက်ကြွစေဖို့နဲ့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီ ထောက်ပံ့ကြဖို့ ဟောပြောစည်းရုံး နေသူတွေဖြစ်ပြီး အလော်စတား မြန်မာ အသိုင်းအဝိုင်းက ကလေးသူငယ်တွေအတွက် စာသင်ကျောင်း ဖွင့်လှစ်ဖို့ စီစဉ်နေစဉ် အခုလို အဖမ်းဆီး ခံခဲ့ရတာလို့ မလေးရှား မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့ ကိုကျော်ထူးအောင်က ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးထားဆဲ ဖြစ်ပြီး မိသားစုနဲ့ NLD-LA မှတ်ပုံတင်ကဒ် အတု ပြုလုပ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း မေလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံထုတ် New Straight Times က ရေးသား ဖော်ပြခဲ့ပြီး ဒီသတင်းကို အာအက်ဖ်အေ ကလည်း ထုတ်လွှင့်ခဲ့ပါတယ်။

သတင်းစာမှာ ရေးသားထားသလို မလေးရှား လဝက ဥပဒေ၊ ရဲ ဥပဒေနဲ့ ဆန့်ကျင်ငြိစွန်းတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့တာ မရှိကြောင်း၊ အဖွဲ့ဝင်တွေထံက ရင်းဂစ်ငွေ ၅ဝဝ တောင်းခံတယ် ဆိုတာလည်း အဖွဲ့ဝင်ကြေးနဲ့ လစဉ်ကြေး ကောက်ခံခြင်းသာ ဖြစ်ကြောင်း အဖွဲ့ဝင်တွေကို ကိုးကားပြီး ကိုကျော်ထူးအောင်က ပြောပါတယ်။