တိုင်းရင်းသားဒေသထိုးစစ်ရပ်ရေး ဖိအားပေးဖို့ ဗြိတိသျှအစိုးရကို တိုက်တွန်း

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာနဲ့ အတူ မြန်မာ အစိုးရကို တိုက်တွန်းပေးဖို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိသျှအစိုးရကို မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

0:00 / 0:00

ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေရဲ့ လက်ရှိအခြေအနေကို မီးမောင်းထိုးပြထားတဲ့ " ရှမ်းပြည်နယ်က ပဋိပက္ခများ " ဆိုတဲ့ခေါင်းစဉ်နဲ့ Burma Campaign UK က မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပြီး မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်အောင် တိုက်တွန်းရတာ ဖြစ်ကြောင်း Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စ အင်နာ ရောဘတ်စ်က ပြောပါတယ်။

မြန်မာစစ်အစိုးရဟာ နှစ်ပေါင်း ၂၂ နှစ်တာကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကတိကို ချိုးဖောက်ပြီး မတ်လ ၁၃ ရက်နေ့က ရှမ်းပြည်တပ်မတော်ကို တိုက်ခိုက်ခဲ့တာတွေ ၊ သီတင်းသုံးပတ် အတွင်း မှာပဲ ရှမ်းပြည်နယ်မှာ တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့တာ၊ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို တဖက်သတ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ ၊ အမျိုးသမီးတွေကို မတော်မတရားကျင့်တာ ၊ အတင်းအကျပ် နေရာ ရွှေ့ပြောင်းခိုင်းတာနဲ့ ပေါ်တာ ဆွဲတာ စတဲ့ အချက်အလက်တွေကို သက်သေ အထောက်အထားတွေနဲ့ တွေ့ရှိရကြောင်း၊ မြန်မာအစိုးရရဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက လျစ်လျူရှုနေတဲ့အတွက် ဗြိတိသျှ အစိုးရအနေနဲ့ တိုက်တွန်းနှိုးဆော်မှုတွေ ပြုဖို့ Burma Campaign UK က တောင်းဆိုရတာ ဖြစ်ကြောင်း မစ္စ ရောဘတ်စ်က ပြောပါတယ်။

ဒီကြေညာချက်မှာ မြန်မာအစိုးရဟာ အပစ်အခတ်ရပ်စဲမှု ချိုးဖောက်ပြီး ရှမ်းပြည်တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာ နှစ်နှစ်အတွင်း သုံးကြိမ် ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ဒီပဋိပက္ခတွေဟာ မွန်၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေကို ကူးစက်လာနိုင်မှာကို စိုးရိမ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် Burma Campaign UK ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မဇိုရာဖန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်