ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ၅၉ (စ) နဲ့ ၅၉ (ဃ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ မနွယ်နီ က ပြည်သူရွေးချယ်တင်မြောက်တဲ့ ခေါင်းဆောင် သမ္မတဖြစ်ရေးအတွက် ဒီနေ့ တောင်းဆိုဆန္ဒပြရ တာဖြစ်တယ်လို့ ပြောပါတယ်။
"အဓိကကတော့ ကျမတို့က ဒီရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်ကို သမ္မတဖြစ်ရေးအတွက် ၅၉ (စ) နဲ့ ၅၉ (ဃ) ပေါ့၊ အဓိကကတော့ ဒီနှစ်ချက်ပေါ့၊ ကျမတို့က ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်စေချင်တာပေ့ါ"
အဲဒီ ပုဒ်မ ၅၉ (စ) နဲ့ (ဃ) ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ပုဒ်မတွေဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) မှာ မိမိရဲ့ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦးရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသောသူ သို့မဟုတ် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဆိုတဲ့အချက်တွေ ပါရှိပါတယ်။
ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားကို နားဆင်နိုင်ပါတယ်။