အဲဒီ ဆန္ဒပြပွဲမှာ နယူးဇီလန် အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ လေဘာပါတီ အပါအဝင် အလုပ်သမားသမဂ္ဂနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့ကလည်း လာရောက် ပူးပေါင်းကြတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ နယူးဇီလန် အတိုက်အခံပါတီ ဥက္ကဋ္ဌရဲ့ သဝဏ်လွှာကို ပါတီ လွှတ်တော်အမတ်တဦးက ဖတ်ကြားခဲ့ကြောင်း Burma Campaign New Zealand အဖွဲ့ဝင်တဦး ဖြစ်တဲ့ ကိုတင်ဇော်မိုး က RFA ကို ပြောပါတယ်။
လေဘာပါတီ အမတ်တဦးဖြစ်တဲ့ ဖီးလ် ဒွိုက်ဘော့ ကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ပါတီ ဥက္ကဋ္ဌ မာရီယမ် စထရီ ပေးပို့တဲ့ သဘောထား ကြေညာချက်ကို ဖတ်ပြပါတယ်။
ဆန္ဒပြပွဲမှာ ခွပ်ဒေါင်းအလံနဲ့ သာသနာ့အလံတွေ အပါအဝင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ နယူးဇီလန် နိုင်ငံသားတွေဟာ စစ်အစိုးရ ပြဌာန်းလိုက်တဲ့ အလံကို မီးရှို့ခဲ့ကြပြီးနောက် အောကလန်မြို့လည် လမ်းမကြီးတလျှောက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။