အဲဒိလို ဆွေးနွေးရာမှာ သံဃာ့တပ်ပေါင်းစု ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဂျာမနီနိုင်ငံမှ အရှင်သောပါက၊ ဆွစ်ဇာလန်နိုင်ငံမှ အရှင် ကောဝိဒ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှူး ဦးအောင်ထူး၊ ဂျာမနီနိုင်ငံ အခြေစိုက် Euro Burma မှ ဦးအောင်သူတို့အပြင် ဂျာမနီနိုင်ငံသား မြန်မာ့အရေး လှုပ်ရှားသူများ ဖြစ်တဲ့ ဖြစ်ကြတဲ့ Ms. Alexandra Rosch နဲ့ Mr. Michael Funk တို့ ပါဝင် တက်ရောက်ကြပါတယ်။
ဆွေးနွေးပွဲမှာ ၂၀၀ရ ခုနှစ်မှာ အဖမ်းခံရတဲ့ သံဃာတော်တွေ ပြန်လွှတ်ရေးကိစ္စ၊ ဒုတိယ ပင်လုံညီလာခံကို အသိအမှတ်ပြု ထောက်ခံပေးရေးကိစ္စ၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထားရှိဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အရှင်ကောဝိဒက မိန့်ကြားပါတယ်။ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကြီးများရဲ့ တုံ့ပြန် ဆွေးနွေးချက်ကိုလည်း အရှင်ကောဝိဒက အခုလို ရှင်းပြပါတယ်၊
“ဒီမိုကရေစီစနစ်ကျကျအနေနဲ့ပဲ တွေးပါတယ်တဲ့။ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေကနေပြီးတော့ စီးပွားရေး (ပိတ်ဆို့မှု) ရုပ်သိမ်းဖို့ ပေးပို့တဲ့ စာတွေလည်းပဲ ရပါတယ် ဆိုတဲ့ အကြောင်းပေါ့လေ။ သူတို့ အနေနဲ့ ဒီမိုကရေစီ စနစ်ကျကျ တွေးရပါတယ် ဆိုတဲ့ အကြောင်း၊ သူတို့ကိုလည်း နားထောင်ပေးရမယ်လို့ ပြောပါတယ်။ ပြောတဲ့အခါကျတော့ ဦးဇင်းတို့အနေနဲ့ ပြောတာက ဟို NLD ပါတီဟာ စာရင်းမသွင်းပေမယ်လို့ ပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝ ရှိနေတယ်၊ ဒါကြောင့်မို့လို့ ပြည်သူလူထုကို လေးစားသောအားဖြင့် ဒါ ပြည်သူလူထုရဲ့ ထောက်ခံတဲ့ ပါတီကို နားထောင်ပေးဖို့ပေါ့လေ။”
“ပြီးတော့ ဗမာနိုင်ငံမှာ တကယ် ဖြစ်ပျက်နေတဲ့ ဟာတွေကို ဦးဇင်းတို့ ပြန်ရှင်းပြပါတယ်။ နအဖက လူ့အခွင့်အရေး ဘယ်လို ချိုးဖောက်တယ်၊ တိုင်းရင်းသား နယ်မြေတွေမှာ ဘယ်လို ချိုးဖောက်တယ်၊ လူ့အခွင့်အရေးကို လျစ်လျူရှုပြီးတော့ စီးပွားရေး တခုတည်းကိုပဲ မလုပ်သင့်ပါဘူး ဆိုတာကို ဦးဇင်းတို့ ပြောပြတော့ သူတို့အနေနဲ့ လျစ်လျူ မရှုပါဘူး၊ အဲဒီလို လာပြီးတော့ အခုလို လာပြီးတော့ သူတို့ကို ပြောပြသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း သူတို့ ပြောပါတယ်။”
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဂျာမနီနိုင်ငံရဲ့ သဘောထား ပြောင်းလဲဖွယ်ရှိတယ် ဆိုတဲ့ သတင်းများ ခုတလော ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း အရှင်ကောဝိဒ က ခုလို ရှင်းလင်းမိန့်ကြားပါတယ်။
“အဲ အဲဒါ ဦးဇင်းတို့ ကြားနေတယ်၊ အဲဒါတွေ သဘောထား ပြောင်းချင်နေတယ် ဆိုတာကို ကြားတဲ့အခါကျတော့ ဒါ ဦးဇင်းတို့ လာပြီးတော့ တိုက်တွန်းတာပါ။ သူတို့အနေနဲ့ အခု ဦးဇင်းတို့ ရောက်လာတော့ သူတို့ ငြင်းပါတယ်။ အဲဒါ မပြောင်းပါဘူး၊ လူ့အခွင့်အရေးကိုပဲ သူတို့ လေးစားပါတယ် ဆိုတဲ့ အကြောင်းကို သူတို့ ပြောတယ်။”
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ ပါဝင်ခဲ့ သူတဦးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် သံဃာ့ တပ်ပေါင်းစု ကိုယ်စားလှယ် အရှင်ကောဝိဒ မိန့်ကြားသွားတာ ဖြစ်ပါတယ်။