စုံစမ်းရေးကော်မရှင်ကိစ္စ ထောက်ခံဖို့ ရိုမေးနီးယားကို တိုက်တွန်း

မြန်မာစစ်အစိုးရ အာဏာပိုင်တွေ လူသားထုအပေါ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကို ရိုမေးနီးယားနိုင်ငံအနေနဲ့ ထောက်ခံဖို့ လန်ဒန်အခြေစိုက် Burma Campaign- UK အဖွဲ့က ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံ တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။

ရိုမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်တွေ့ဆုံပြီး တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ Burma Campaign- UK အဖွဲ့က မဝေနှင်းပွင့်သုန်က ပြောပြပါတယ်။

"ပထမတချက်ကတော့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ရိုမေးနီးယားနိုင်ငံ အနေနဲ့ အတိအလင်း ကြေညာပြီး ထောက်ခံခြင်း မရှိသေးတဲ့အတွက် ရိုမေးနီးယားအစိုးရက ထောက်ခံပေးဖို့၊ နောက်တချက်က EU Common Decision လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေဟာ ကောင်းသွားပြီဆိုပြီး တချို့နိုင်ငံတွေက သိပ်အရေးတကြီး မလုပ်ဘဲ လျှော့ချင်တဲ့အသံတွေ ကြားနေတဲ့အတွက် အဲဒီလို မလုပ်သင့်တဲ့အကြောင်း အဓိကထားပြီး ပြောခဲ့ပါတယ်"

အခုလို တိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောထား မထုတ်ပြန်သေးပေမယ့် မကြာခင် သဘောထားတရပ် ထုတ်ပြန်ဖို့ရှိတယ်လို့ ပြောကြားကြောင်း မဝေနှင်းပွင့်သုန်က RFA ကို ပြောပါတယ်။ မဝေနှင်းပွင့်သုန်ဟာ ရိုမေးနီးယား လွှွတ်တော်အမတ်တဦးနဲ့ တွေ့ဆုံခွင့် ရခဲ့သလို၊ ရိုမေးနီးယား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Georgy Frunda နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်သလား၊ ဆက်ထားသင့်သလား ဆိုတာကို လာမယ့် ဧပြီလအတွင်း စဉ်းစားဆုံးဖြတ်ဖို့ ရှိပါတယ်။ အဲဒီ အစည်းအဝေး မတိုင်ခင် Burma Campaign- UK အနေနဲ့ ရိုမေးနီးယားနိုင်ငံကို သွားရောက် တောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မဝေနှင်းပွင့်သုန်နဲ့ Burma Campaign- UK အဖွဲ့ဝင်တွေဟာ မတ်လ ၁၈ ရက်နေ့ကလည်း ရိုမေးနီးယားနိုင်ငံ Bucharest မြို့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုပ်ရှင်ပြပွဲ တခုကို တက်ရောက်ပြီး မြန်မာနိုင်ငံအကြောင်း ရှင်းလင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ဟာ စစ်သားဟောင်းတဦး မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဘက်ကို ကူးပြောင်းလာပုံအကြောင်း ရိုက်ကူးထားတဲ့ Burma Soldier ဆိုတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။