လားရှိုးမှာ ပြည်ခိုင်ဖြိုးအတွက် ကြိုတင်မဲ တစ်သောင်းကျော် ရောက် ရှိ

0:00 / 0:00

0:00 / 0:00

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ မနေ့ညက မဲတွေ ရေတွက်နေစဉ်အတွင်း ကြိုတင်မဲ တစ်သောင်းတစ်ထောင်ခန့် ရောက်ရှိလာတာကြောင့်၊ အန်အယ်လ်ဒီပါတီ၊ ကျားခေါင်းပါတီနဲ့ ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် ကြောင်း ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

လားရှိုးမြို့ အန်အယ်လ်ဒီပါတီရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းက ကြိုတင်မဲ တစ်သောင်းကျော်ဟာ တမင်ဖန်တီးထားသလိုဖြစ်နေတယ်လို့ ပြောပါတယ်။

"ပါတီချင်းယှဉ်ရင် ပြည်သူ့လွှတ်တော်တို့ကတော့ USDP ကိုယ်စားလှယ်ကြိုက်လို့၊ NLD ကိုယ်စားလှယ်ကိုမကြိုက်လို့ ကျနော်တို့ရှုံးသွားတယ်ထား၊ လာပြန်ပြီ တစ်ခါ၊ ဘာလဲအမျိုးသားလွှတ်တော်၊ အမျိုးသားလွှတ်တော်ကျတော့လည်း USDP က ၃၈၀၀၊ ကျနော့်မိတ်ဆွေ ၈၀ ကျော်၊ ဒါဆိုရင်တော့ ကျနော်တို့ နည်းနည်းလေးလှုပ်ရှားလာပြီ၊ တမင်တကာလုပ်နေတာလား၊ အဲ့ပွဲမှာထိုင်ကြည့်နေတဲ့ EU ကစောင့်ကြည့်သူတွေ ရှိတယ်၊ ကျနော်တို့ကို အရှက်ခွဲနေတာလား"

ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့ညက မဲတွေ ရေတွက်နေစဉ်အတွင်း ရောက်ရှိလာခဲ့တဲ့ ကြိုတင်မဲ တစ်သောင်းကျော်ဟာ လားရှိုး မြို့နယ်အတွက် အဆမတန်များပြားလွန်းပြီး၊ မဲဆန္ဒနယ်တိုင်းအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တစ်ခုတည်းကိုသာ ရာနှုန်းပြည့်ပေးထားတဲ့ မဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

အဲဒီမဲတွေကို ကန့်ကွက်ကြောင်း NLD နဲ့ တခြားပါတီတွေက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ထံ စာရေးသားတိုင်ကြား ထားပါတယ်။

အဲဒီကြိုတင်မဲတွေက စစ်တပ်နဲ့ အစိုးရဝန်ထမ်းတွေ ပေးတဲ့ မဲတွေဖြစ်တယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက လက်ရှိ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ အခုအချိန်ထိ မဲရေတွက်နေဆဲလို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖဲ့ွတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

လားရှိုးမြို့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းရွှေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်ကြီး၊ လားရှိုး၊ အမ်း၊ ကျိုင်းတုံ၊ မြစ်ကြီးနား စတဲ့ မြို့နယ်တွေမှာ ရောက်ရှိလာတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မခင်ပြည့်စုံ က တင်ပြထား ပါတယ်။

ကနဦး ရွေးကောက်ပွဲ မဲရလဒ်တွေအရ ရှမ်းပြည်နယ် မြောက်ပိုင်းက မူဆယ်၊ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေနဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တချို့မှာ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်း) ပါတီက မဲအနိုင်ရ နေတယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်းထားပါတယ်။