ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး Mizuho ဘဏ်တိုက်ကြီးက သူတို့ရဲ့ ရုံးခွဲတစ်ခုကို ရန်ကုန်မှာ သောကြာနေ့က ဖွင့်လှစ်လိုက်ကြောင်း ပြောဆိုပါတယ်။ အဲဒီရုံးကနေ မြန်မာပြည် အခြေအနေတွေကို လေ့လာပြီး၊ Mizuho ဘဏ်ရဲ့ လုပ်ငန်းတွေကို တိုးချဲ့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လက်လီ ကုန်စုံဆိုင်ကြီးဖြစ်တဲ့ Lawson ကုမ္ပဏီကလည်း ဒီနှစ်ကုန်ပိုင်းလောက်မှာ ပထမဆုံး ဆိုင်ခွဲတစ်ခု ရန်ကုန်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
Lawson ကုမ္ပဏီဟာ တရုတ်နဲ့ အင်ဒိုနီးရှားမှာ ဆိုင်ခွဲပေါင်း (၃၀၀) ကျော် ဖွင့်လှစ်ထားပြီး အိန္ဒိယနဲ့ ဗီယက်နမ်အထိ တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။
အမေရိကန် အခြေစိုက် GE ခေါ် General Electric ကုမ္ပဏီကြီးက အကြီးတန်း အရာရှိတစ်ဦးလည်း သောကြာနေ့က မြန်မာပြည်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူတာတွေ လျှော့ပေါ့ပေးမှုနဲ့အတူ ဘဏ်စနစ်ကို ခေတ်မီအောင် ကူညီမယ်လို့ ပြောဆိုထားတဲ့အတွက် visa အကြွေးကတ်ကုမ္ပဏီကလည်း မြန်မာပြည်ကို လာရောက် လေ့လာဖို့ ရှိနေပါတယ်။
အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးကတော့ မြန်မာပြည်မှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အချိန်တန်နေတဲ့ ကဏ္ဍတွေက စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောဆိုပါတယ်။
