မတရားအသင်းများ အက်ဥပဒေ ပြင်ဆင်ရေး အဆို ပြည်ထဲရေး ဒုဝန်ကြီးထောက်ခံ

၁၉၀၈ ခုနှစ်က ရေးဆွဲထားတဲ့ မတရားအသင်းများ အက်ဥပဒေကို ပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထောက်ခံလိုက်ပါတယ်။

အဲ့ဒီဥပဒေဟာ အင်္ဂလိပ်လို ရေးဆွဲထားတာဖြစ်တဲ့ အတွက် အင်္ဂလိပ်လိုသာ ပြန်လည်ပြင်ဆင်ရေးဆွဲ တင်ပြရမယ်လို့လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

"ကျနော်တို့ ဒီဥပဒေကို ပြင်ဆင်ချက်ရေးပြီးတော့ အင်္ဂလိပ်လို ဘာသာပြန်ပြီးတင်လို့ရတယ်၊ ဒါပေမဲ့ တင်လို့ရပေမဲ့ အခြေခံဥပဒေပုဒ်မ ၄၅ဝ မှာ မြန်မာစာ ရုံးသုံးစာဖြစ်တယ်လို့ ပြောထားတယ်၊ အဲဒီ့ဥပဒေ ရဲ့ ပြဌာန်းချက်အရဆိုရင် အင်္ဂလိပ်လိုတင်ဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျနော်က ကတိသစ္စာပြုထားတဲ့ အတွက် ကျနော်လုပ်ဖို့တော့ လိပ်ပြာမသန့်ဘူး၊ သူတို့ပြည်ထဲရေးဘက်က ဗမာလိုပြောင်းလဲပြီးတော့ ပြင်ဆင်ဖို့ တင်မလား ဒါကျနော်စောင့်ကြည့်ရမယ်"

လက်ရှိဥပဒေမှာသုံးစွဲထားတဲ့ မတရားအသင်းဆိုတဲ့ စကားလုံးအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ဥပဒေပါ ပုဒ်မ ၁၇ (၁) (၂) မှာ ကင်းလွတ်ခွင့်ပြုရမယ့်အချက် ၅ ချက်ကို ထည့်သွင်းပြင်ဆင်ဖို့ တင်ပြထားတယ်လို့ ပြောပါတယ်။

အဲဒီ ၁၇ (၁) (၂) ဟာ မတရားအသင်း သတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မှုရှိရင် အရေးယူခံရနိုင်တဲ့ ဥပဒေဖြစ်သလို တိုင်းပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလလည်းဖြစ်နေတဲ့အတွက် ဆန့်ကျင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

အဲဒီဥပဒေပြင်ဆင်ရေးကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက သဘောတူခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးက အလုံးစုံပြင်ဆင်သွားဖို့ ရှိမရှိ မသိရသေးဘူးလို့ ပြောပါတယ်။