နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဇန်နဝါရီလအတွင်းက ပြန်လွတ်လာပေမယ့် ဖောက်ခွဲမှုနဲ့ စွပ်စွဲခံထားရသူတွေ ပြန်မလွတ်မြောက်သေးတာကို အကြောင်းပြုပြီး ခုလို မေတ္တာရပ်ခံစာ ထုတ်ပြန်ရတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ရှေ့နေဦးအေးမြင့် အမှုအကြောင်း ကိုလည်း အခုလို ပြောပြပါတယ်။ “ရှေ့နေဦးမြင့်အေးဆိုရင် ဆိုင်ကလုန်း နာဂစ် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်နေရင်းနဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရတာဖြစ်တယ်။ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိဘူးဆိုတာ အထင်အရှား ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကို အပြစ်ပေးထားတာတွေဟာ မတရား ရယူထားတဲ့၊ နှိပ်စက်ညှဉ်းပန်းပြီးမှ ရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးခဲ့တယ် ဆိုတာတွေကိုလည်း အမှုတွဲတွေကို ဖတ်ရှု လေ့လာခြင်းအားဖြင့် တော်တော်များများက ဆင်တူဖြစ်နေတာ ကျွန်တော်တို့ တွေ့ရတယ်” အရင် စစ်အစိုးရ လက်ထက်မှာ ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့ဝင်တွေကို တစ်ယောက်မှ ဖမ်းဆီးမိတာမရှိဘဲ ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူတွေ ရှိတယ်လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ ကိုမင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ် မြောက်လာတာကို AHRC က ကြိုပေမယ့် မလွတ်မြောက်သေးဘဲ ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ရက်အဖွဲ့က ဦးမြင့်အေးလို၊ ၂၀၁၀ သြင်္ကန် ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင်လို၊ သံလျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ကိုသန်းဇော်တို့လို ပြစ်ဒဏ် ကျခံနေရသူတွေဟာ စွပ်စွဲခံရသလို ပြစ်မှု ကျူးလွန်သူတွေ မဟုတ်ဘူး လို့လည်း AHRC က ပြောပါတယ်။