မြန်မာကို ဥက္ကဋ္ဌနေရာပေးဖို့ စောသေးတယ်လို့ AIPMC ပြောကြား

မြန်မာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ နေရာပေးရေး ဆုံးဖြတ်ချက်ကို အချိန်ယူဖို့ မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။

ပွင့်လင်းလာတယ် ဆိုတိုင်း ဒီမိုကရေစီ အလိုအလျောက် ရနေပြီလို့ အဓိပ္ပာယ်ဖွင့်လို့ မရဘူးဆိုတာ သတိပြုဖို့ လိုပါတယ်။ ကျွန်မတို့ဆီမှာ စဉ်းစားစရာအချက်တွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို အာဆီယံ ခေါင်းဆောင်တွေ ထည့်မတွက်ဘူးလို့ Eva Sundari ပြောပါတယ်။ အပြောင်းအလဲတွေ အခြေအနေ ကောင်းတွေဆိုတာက ရန်ကုန်မြို့နဲ့ မြို့တော်သစ်ဆိုတဲ့ နေပြည်တော်မှာပဲ ဖြစ်နေတာပါ။ တိုင်းရင်းသား ဒေသတွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကြည့်ရမှာပါ။ နောက်ပြီး ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းခံ ထားရဆဲပါ။ သူတို့အားလုံးကို ဘယ်တော့များမှ တခါတည်းနဲ့ လွှတ်မလဲဆိုတာ မသိရသေးပါဘူး။ ဒီမိုကရေစီ နိုင်ငံဆိုရင် သဘောထား ကွဲလွဲသူတွေကို အကျဉ်းချထားတယ်ဆိုတာ မသင့်တော်ပါဘူးလို့ Eva Sundari က ဆက်ပြောသွားပါတယ်။