ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးဆွေးနွေး


2013.07.03
multi-religious-meeting-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်တွင် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ကျင်းပနေစဉ်။
RFA

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ပွားရအောင် ကာကွယ်တားဆီးတဲ့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပတာအပြင် သံဃာ ၁၅ ပါး ဆွမ်းကပ်ပွဲကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ဗလီမှာ ဒီကနေ့မနက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆွမ်းကပ်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး ဆွမ်းကပ်ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးအဖွဲ့ဝင် ကိုအောင်သန်းက RFA ကို အခုလို ပြောပါတယ်။

“နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကိစ္စမှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ အနှောင့်အယှက် အဟန့်အတားဖြစ်လိုတဲ့ ပဋိပက္ခတွေ လူမျိုးရေး၊ ဘာသာရေးအသွင်မျိုးတွေ မဖြစ်ပွားအောင်လို့ ကျနော်တို့က လက်ရှိအခြေအနေကိုလည်း အချင်းချင်းဆွေးနွေးကြတယ်ပေါ့၊ လူသားအကျိုးပြုကိစ္စတွေ ဘယ်လိုလုပ်ဆောင်ပြီးတော့ ချစ်ချစ်ခင်ခင်နဲ့ ဘယ်လိုသွားကြမလဲဆိုတဲ့ဟာမျိုးပေါ့နော်”

ဒီကနေ့ပွဲကို ပြည့်စုံအေးဆရာတော်၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒေါက်တာလှမြင့်၊ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးစိုးဝင်း၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သိက္ခာတော်ရ ဆရာတော် မန်းကျော်တင့်တို့ တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ဆွမ်းကပ်ပွဲဟာ တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ပထမအကြိမ်တုန်းက ပြည့်စုံအေးကျောင်းတိုက်မှာ ကျင်းပခဲ့ကာ ဟိန္ဒူဘုရားကျောင်းမှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါတယ်လို့ ပြောပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးအဖွဲ့ကို ယခုနှစ် မေလပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာ ဘာသာရေးပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ အန်အယ်ဒီပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ အခြားလူမှုရေးအဖွ့ဲအစည်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။