NLD ပါတီဝင်ကဒ်ပြားအတု လုပ်သူ မလေးရှားမှာ ဖမ်းမိ

မလေးရှားနိုင်ငံမှာ NLD ပါတီ အဖွဲ့ဝင်ကဒ်ပြားအတု ပြုလုပ် ရောင်းစားနေသူ မြန်မာတဦးကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

0:00 / 0:00

အဲဒီ မြန်မာအမျိုးသားကို Alor Setar မြို့မှာ မလေးရှား ပြည်နယ် လဝက အဖွဲ့က Taman Mahsuri အရပ်မှာရှိတဲ့ သူ့နေအိမ်မှာ ကြာသပတေးနေ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။

ဒီအဖွဲ့ဝင်ကဒ်ပြား အတုတွေကို မလေးရှားရင်းဂစ်ငွေ ၅ ရာနဲ့ မြန်မာတဦးကို ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကဒ်ပြားတုတွေကို မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားရင် အထောက်အထားအဖြစ် အသုံးပြုကြတယ်လို့ မလေးရှား လဝက ဒု-ညွန်ကြားရေးမှူးက ပြောပါတယ်။

ဒီအမှုနဲ့ ဆက်နွယ်ပြီး အဲဒီ မြနမာအမျိုးသား ငှားရမ်းထားတဲ့ အိမ်မှာ နောက်ထပ် မြန်မာအမျိုးသမီး တဦး အပါအဝင် မြန်မာနိုင်ငံသား ၉ ဦးကို ဆက်လက် ဖမ်းဆီးခဲ့ပါတယ်။

အခုလို NLD အဖွဲ့ဝင် ကဒ်ပြားအတု ဖမ်းဆီးမိတာနဲ့ ပတ်သက်လို့ မလေးရှား ရဲရုံးချုပ်ကို စာပေးပို့ထားပြီး ဘယ်သူဘယ်ဝါ ဆိုတာကို စုံစမ်းနေကြောင်းနဲ့ မကြာခင် ကြေညာချက်တစောင် ထုတ်ပြန်မယ့်အကြောင်း NLD (လွတ်မြောက်နယ်မြေ) မလေးရှားရုံးခွဲ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။

မလေးရှားရဲချုပ်ကလည်း ဒီကိစ္စ စုံစမ်းပြီးတာနဲ့ NLD (လွတ်မြောက်နယ်မြေ) မလေးရှားရုံးခွဲကို အကြောင်းကြားမယ့လို့ ပြောဆိုထားပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ဦးဘအောင်က ဆက်သွယ်မေးမြန်းပြီး စုစည်း တင်ပြထားပါတယ်။