အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

အိန္ဒိယ နိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အသက် (၇၄) နှစ် အရွယ် အန်နာဟာဇရီ ကို သူ့အနေနဲ့ အပြည့်အ၀ အားပေးထောက်ခံတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် The Times of India သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။

မစ္စတာဟာဇရီကို အိန္ဒိယ အာဏာပိုင်တွေ ခေတ္တ မထိန်းသိမ်းခင် အချိန်က The Times of India သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်း ခဲ့တာပါ။ ကမ္ဘာ့ နေရာတိုင်းမှာ အကျင့်ပျက်ခြစားမှု၊ အဂတိ လိုက်စားမှု တွေကို စက်ဆုပ်ရွံရှာ မုန်းတီးကြ တယ်ဆိုတာ အန်နာဟာဇာရီ ရဲ့လှုပ်ရှားမှုက ပြသနေပါတယ်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက် ရေးဟာ အိန္ဒိယနဲ့ တကွ ကမ္ဘာ့ပြည်သူတွေ အားလုံး မလုပ်မဖြစ် လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ အန်နာဟာဇရီရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တိုက်ပွဲဟာ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း လုပ်ဆောင် သွားရကြရမှ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က The Times of India သတင်းစာကို ပြောဆို ခဲ့ပါတယ်။