ANP အလုပ်အမှုဆောင် ၆ ဦး ထုတ်ပယ်ခံရ


2016.03.13

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ခွင်ပြုချက်မပါဘဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ပါတီ အလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ဒီနေ့ကျင်းပတဲ့ ANP ပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးကိုတက်ရောက်တဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အားလုံးက တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ဗဟိုအလုပ်အမှုဆောင် ကော်မတီအများစုက ကောက်ချက်ဆွဲရှင်းလင်းတင်ပြကြတဲ့ အကျေအလည်ဆွေးနွေးကြတဲ့အတွက် နောက်ဆုံးမှာတော့ ပါတီကနေ ထုတ်ဖယ်ဖို့ အတွက် ဆွေးနွေးလိုက်ကြပါတယ်၊ ကာယကံရှင်တွေကိုကျတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်တွေကို မိမိကိုယ်တိုင်သိစေဖို့ ကျနော်တို့ မဖြစ်ဖြစ်အောင် ကျနော်တို့ပါတီကနေ ပေးပို့သွားမှာပါ"

အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသား ပါတီက သာရရှိရေးနဲ့ ညီညွတ် သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ မဟာမိတ်ဆက်ဆံရေးကို ရပ်စဲသွားမယ်ဆိုတဲ့ ကြေငြာချက် နှစ်စောင်ဟာ တရားမဝင် တာကြောင့် လက်မခံနိုင်ဘူးလို့ ပါတီအလုပ်အမှု ဆောင်ကော်မတီဝင် ၆ ဦးက ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)ပါတီနှစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး အခုပါတီက ထုတ်ပယ်ခြင်းခံရတဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးဟာ ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။

ထုတ်ပယ်ခံရသူထဲမှာပါတဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးကျော်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"အခု ရခိုင်အမျိုးသားပါတီထဲမှာရှိတဲ့ ALD အုပ်စုကို ရခိုင်အမျိုးသားပါတီထဲက ဖယ်လိုက်မယ်၊ ထုတ်လိုက်မယ်၊ ဆိုတာမျိုးကို သူတို့ကအားထုတ်နေတာဖြစ် ပါတယ်၊ ဒါမျိုးက သံတွဲညီလာခံမှာလည်း ကျနော်တို့တွေကို အပြတ်ရှင်းခဲ့တယ်၊ ဒုတိယအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မပါရှိရေးအတွက် ကျနော်တို့တွေရှင်းခဲ့ပြီးပါပြီ၊ အခုကျနော်တို့တွေလုပ်နေတာက ALD ကပုဂ္ဂိုလ်တွေနေရာရရှိရေးအတွက် လုပ်နေတာမဟုတ်ဘူးဆိုတာလည်း ကျနော် တို့ ပြည်သူလူထုကိုပြောချင်ပါတယ်"

မနေ့ကစတင်ပြုလုပ်ခဲ့တဲ့ ANP ပါတီ ဗဟိုကော်မတီအစည်းအဝေးနဲ့ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွေကို ALD ပါတီဝင်ဟောင်းတွေကို ဖိတ်ကြားတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပါတီညီလာခံကနေ ခန့်အပ်ခဲ့တဲ့ အလုပ်အမှုဆောင်တွေကို အရေးပေါ် အစည်းအဝေးပြုလုပ် ပြီး ထုတ်ပယ်လိုက်တာဟာ ပါတီစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။