ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်စလင်တွေကို အစိုးရက"ရခိုင်ပြည်နယ်က မွတ်စလင်များ" ဆိုပြီးသုံးနှုန်းတာကို ကန့်ကွက်ကြောင်းနဲ့ ဘဂါၤလီလို့သာ ဆက်လက်သုံးနှုန်းသွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ သဘောထားကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီလိုအသုံးအနှုန်းတွေဟာ မွတ်စလင်တွေကို နိုင်ငံသားစိစစ်ရာမှာ အခွင့်အရေးရရှိစေဖို့ အချိန်ကိုက်ဆောင်ရွက် တာလို့ ယူဆတာကြောင့် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်တာ ဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဌ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
"ရိုဟင်ဂျာမဟုတ်ရင် လက်မခံဘူးဆိုတဲ့ တင်းမာမှုတွေရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စား လှယ်က ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့ သုံးနှုန်းမယ်ဆိုတဲ့ တင်ပြချက် ပေါ်ထွက်လာ တာဟာ အချိန်ကိုက် ဘင်္ဂါလီတွေ နိုင်ငံသားစိစစ်ရာမှာ အခွင့်အရေးသာစေဖို့ လုပ်လိုက်တယ်လို့ ယူဆတဲ့အတွက် ကျမတို့ ဒီကြေညာချက်ကို ထုတ်ရာတာဖြစ်ပါတယ်၊ ဒီလိုထုတ်ပြန်တာကို ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း လုံးဝကျေနပ်မှုမရှိဘူး"
ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေကို ၁၈၂၄ ခုနှစ်က ဗြိတိသျှအစိုးရကကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်း မှာ စစ်တကောင်းသားတွေလို့ သုံးနှုန်းခဲ့ ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွေနဲ့ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် က ကောက်ခံခဲ့တဲ့ သန်းခေါင် စာရင်းမှာ ဘင်္ဂါလီလူမျိုးအဖြစ် ဖော်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။
လက်ရှိမှာ ဘင်္ဂါလီလူမျိုးတွေကို အစိုးရက"ရခိုင်ပြည်နယ်က မွတ်စလင်များ"၊ "ရခိုင်ပြည်နယ်အတွင်း က အစ္စလာမ်ဘာသာကိုးကွယ်သူများ" ဆိုပြီး သုံးနှုန်းဖို့ ပြောဆိုမှုတွေဟာ ရခိုင်ဒေသကို ဘင်္ဂါလီလူမျိုးတွေရဲ့ ပင်ရင်းဒေသအဖြစ် အစိုးရသစ်က ပုံဖော်လိုက်တာဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ပါရှိပါတယ်။
