ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲတွေ ဖိအားပေး ခြိမ်းခြောက်ခံရ

0:00 / 0:00

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဟောပြောပွဲတွေကို တက်ရောက်ကြတဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက် ပါ၊ မပါ စိစစ်တာတွေ ဟောပြောပွဲတက်ရောက်သူစာရင်း ကောက်ယူမယ်လို့ ပြောဆိုတာတွေရှိနေကြောင်း အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းလှိုင်က ပြောပါတယ်။

"ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျနော်တို့ စည်းရုံးရေးလုပ်တဲ့အခါမှာ ကော်မရှင်ခွင့်ပြုလွှာကို ကျနော်တို့ ဆီတောင်းတယ်၊ နောက်သူတို့ အာဏာပိုင်အဖွဲ့အစည်းတွေက ရခိုင်ပါတီကို သွားပြီးတော့ ဟောပြောပွဲ နားထောင်တဲ့သူတွေကို စာရင်းကောက်မယ်တို့ အဲ့လိုခြိမ်းခြောက်မှုတွေ နေရာတိုင်းမှာတွေ့ရတယ်"

အဲဒီလို ဖိအားပေးခြိမ်းခြောက်မှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စခန်းမော်ကျေးရွာ၊ ကဇူးကိုင်းကျေးရွာအုပ်စု၊ ဆင်ဦးတိုက်၊ သဲကမ်းထောင်း၊ ရှောက်ခြုံ၊ သရက်တပင်၊ ကွဲချောင်း၊ ဂျိတ်ချောင်း စတဲ့ကျေးရွာတွေမှာ အများဆုံး ကြုံတွေ့နေရတာလို့ သိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ကျေးရွာစည်းရုံးရေးမှူးတွေက မိမိတို့ပါတီကသာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုအပေါ် သွားရောက်နားထောင်တဲ့ သူတွေကို စာရင်းရေးမှတ်ပြီး အထက်ကို တင်ပြသွားမှာဖြစ်ကြောင်း လူစည်ကားတဲ့နေရာတွေမှာ စည်းရုံးပြောဆို တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လာမယ့်ရွေးကောက်ပွဲအတွက် ချင်းတိုင်းရင်းသား ပါတီ ၃ ခုအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ စတဲ့ နိုင်ငံရေးပါတီ ၈ ခု ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းလှိုင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။