ပင်လုံအတွက် ANP ကော်မတီဖွဲ့

ရခိုင်အမျိုးသားပါတီ(ANP)က ၂၁ ရာစု ပင်လုံညီလာခံမှာတင်သွင်းမယ့် နိုင်ငံရေးမူဘောင် တစ်ရပ်ကို ရေးဆွဲနိုင်ဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းဝေးမှာ အဖွဲ့ဝင် ၇ ဦးပါတဲ့ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဧပြီလက ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံကနေ အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အခြေခံပြီး နိုင်ငံရေးမူဘောင်ကို ရေးဆွဲသွားမှာဖြစ်တယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေး မှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ကျောက်ဖြူမှာ ရခိုင်အမျိုးသားထု တစ်ရပ်လုံးပါဝင်တဲ့ ရခိုင်အမျိုးသားညီလာခံ မှာချထားတဲ့ နိုင်ငံရေးမူဘောင်တွေ အဲ့ဒီထဲက ကျနော်တို့အခြေခံပြီးတော့ ရခိုင်အမျိုးသားပါတီ ရဲ့အမြင်တွေ၊ နောက် ရခိုင်အမျိုးသား လူမှုအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေရဲ့ အမြင်တွေ ကိုပေါင်းစပ်ပြီးတော့မှ ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ မူဘောင်တစ်ရပ်အနေနဲ့ ကိုင်စွဲဖို့ အတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ တာဝန်ပေးအပ်ပါတယ်၊ အဲ့ဒီကော်မတီမှာ အဖွဲ့ဝင် ၇ ဦး ပါပါတယ်"

အဲ့ဒီကော်မတီကနေ ရေးဆွဲတဲ့ နိုင်ငံရေးမူဘောင်ကို ၂၁ ရာစုပင်လုံညီလာခံ မကျင်းပခင် ပါတီရဲ့ ဗဟိုကော်မတီထံတင်ပြပြီး အတည်ပြုနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့်နှစ်မှာ ပါတီညီလာခံကျင်းသွားနိုင်ဖို့နဲ့ ရခိုင်ပြည်နယ်မှာ အစိုးရရဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဖို့ ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး မြို့နယ်အနှံ့ စောင့်ကြည့်ရေးကော်မတီတွေ ဖွဲ့စည်းသွား ဖို့ကိုလည်း ဒီနေ့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန်ဆက်လက်ကျင်းပမယ့် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။