ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဒေသခံတွေရဲ့ အကြံယူဖို့ ANP တိုက်တွန်း

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ နိုင်ငံတကာ ဖိအားတွေကို အလေးထားပြီး ဆောင်ရွက်တာထက် ဒေသခံတွေရဲ့ အကြံဉာဏ်ကို လက်ခံဖို့အတွက် ရခိုင် အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

စစ်တွေမြို့မှာ မနေ့ကနဲ့ ဒီနေ့ ၂ ရက်တာ ကျင်းပခဲ့တဲ့ ANP ပါတီရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ အစည်းအဝေးအပြီးမှာ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့်ကိစ္စမှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ANP က စောင့်ကြည့်သွားမယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။

"အစိုးရပိုင်း ကဏ္ဍအနေနဲ့ သူတို့ကတော့ လက်ခံမယ်လို့ ပြောတာပေါ့နော်။ ၁၉၉၃ သဘောတူညီချက်နဲ့ လက်ခံမယ်ဆိုတဲ့အပိုင်းက သူတို့က ပြောထားတာပေါ့။ ကျနော်တို့ကလည်း ၈၂ နိုင်ငံသား ဥပဒေနဲ့ နိုင်ငံသား စိစစ်ရေးအပိုင်း ကဏ္ဍတွေကလည်း အရေးကြီးတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ကျနော်တို့ စောင့်ကြည့်မှာဖြစ်ပါတယ်"

ANP ပါတီရဲ့ အချက် ၅ ချက်ပါတဲ့ ထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်နက်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားအလေးထားဖို့၊ ရခိုင်ပြဿနာကို ချဉ်းကပ်ရာမှာ သမိုင်းကြောင်းနဲ့ လက်ရှိ စီးပွားရေး အခြေအနေတွေကို အသေးစိတ်လေ့လာမှ တိကျတဲ့ အဖြေရရှိမှာဖြစ်ကြောင်း စတာတွေလည်း ပါရှိပါတယ်။

နှစ်ရက်တာ ကျင်းပခဲ့တဲ့ ANP ပါတီရဲ့ အစည်းအဝေးမှာ ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်တွေပေါ် အမြင်တွေ၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါတီတွင်းက ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေအကြောင်း၊ ပါတီ ပြန်လည် တည်ဆောက်ရေးနဲ့ ပါတီညီလာခံ ကျင်းပရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အစည်းအဝေးကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။