ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စ ANP ပါတီတွင်း သဘောထားကွဲ


2016.02.02
anp-meeting-620.jpg ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၂ ရက်နေ့က စစ်တွေမြို့မှာကျင်းပစဉ်
Photo: Min Thein Aung/RFA

ရခိုင်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေထဲက မရခဲ့ဘူးဆိုရင် အတိုက်အခံပါတီ အဖြစ်ရပ်တည်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ANP ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၇ ယောက်ရှိရာမှာ ၇ ဦးသာ တက်ရောက်တဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း၊ ဒီလို ကိစ္စမျိုးကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများစု တက်ရောက်မှသာ ဆွေးနွေးဆုံးဖြတ် ရမှာဖြစ်တယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးကျော် က ပြောပါတယ်။

"၁/ ၂ဝ၁၆ ဟာ ကျနော်တို့ပါတီရဲ့စည်းမျဉ်းနဲ့ကျတော့ မညီဘူးဗျ၊ မညီတဲ့အကြောင်းက ဒီရခိုင်အမျိုးသား ပါတီမှာ အဲ့လိုကြေညာချက်တွေထုတ်ဖို့၊ တစ်ခုခုဆုံးဖြတ် ဖို့ဆိုရင် CEC ရဲ့ကျနော်တို့ တဝက်ကျော် တက်ရမယ့် အစည်းအဝေးကသာ ဆုံးဖြတ်ချက်ပေးပြီး လုပ်လို့ရမယ်၊ CEC ကထုတ်ပြန်တဲ့ ၁/ ၂ဝ၁၆ ဟာ CEC အဲ့ပွဲကို ၇ ယောက် ပဲတက်တယ်၊ ကျနော်တို့ပါတီမှာ အခုချိန်ထိ ၃၇ ယောက်ရှိတယ်၊ ၇ ယောက် တက်ပြီးတော့ တစ်ဦးသောပုဂ္ဂိုလ်က ဒီဟာ ပုံစံမကျ၊ ဘောင် မဝင်ဘူးဆိုတာ သူတို့ ငြင်းချက်ထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ဒါပေမယ့် သူတို့ထုတ်လိုက်တဲ့အချိန်မှာ ဘောင်မဝင်ဘူးဖြစ်တာပေါ့နော်၊ ANP အနေနဲ့ အတိုက် အခံနေသွားမယ်ဆိုတဲ့ပုံစံမျိုးက ဒီလိုအရေးကြီးတဲ့ ကြေညာချက်မျိုးကို CEC အဆိုမဟုတ် ရင်တောင်မှ အများစုတက်တဲ့ အစည်းအဝေးမျိုးကသာ ဆုံးဖြတ်သင့် တယ်လို့ ကျနော်ထင်တယ်"

ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အစည်းအဝေး မတက်ရောက်နိုင်သူတချို့ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီးမှ ထုတ်ပြန် တဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။

"ဗဟိုကော်မတီကနေ ဗဟိုအလုပ်အမှုဆောင် CEC၊ CEC ကနေ ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ ကို ပေးထားပြီးတော့ အခုကြေညာချက် ကလည်း ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကနေ မလာနိုင်တဲ့ သူတွေကို ဖုန်းနဲ့အကြောင်းကြား တယ်၊ တချို့ကတော့ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘူးလေ၊ အယောက် ၂ဝ ရဲ့ သဘောတူညီချက်ရရင် တရားဝင်တယ်၊ အဲ့ဒါကြောင့် ဒီကြေညာချက်ဟာ တရားဝင်ပါ တယ်၊ နောက်တစ်ခုက ဒါအထင်အရှားအားလုံး ကထောက်ခံထားတဲ့အတွက် ဒီဟာက အတည်ဖြစ် ပါတယ်"

အဲ့ဒီကြေညာချက်ထွက်ပေါ်လာတာကြောင့် ANP ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ပါတီ နှစ်ခြမ်းကွဲ သွားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို စစ်တွေမြို့က ပါတီ ဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး ပါတီ အတွင်းရေးကိစ္စတွေ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာတွေ ရွေးချယ်ဖို့နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ANP ပါတီဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာတဲ့ ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း ကိုယ်စားလှယ် ၂၂ ဦး နဲ့ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် မထုတ်ပြန်သေးပေမဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေ ထွက်ပေါ်နေရာမှာ၊ အဲဒီစာရင်းတွေဟာ အမှန်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။