ပါတီတွင်း ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်လောင်းတွေ ရွေး ချယ်ဖို့ ANP ဆုံးဖြတ်

0:00 / 0:00

၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စား လှယ်လောင်းတွေဟာ အရင်ဆုံးပါတီအတွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

သုံးရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး နောက်ဆုံးနေ့မှာ ပါတီအတွင်းမှာ ရွေးချယ် ခံရသူတွေသာ ရွေးကောက်ပွဲဝင်ရမှာဖြစ်ကြောင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။

"ကျနော်တို့က မဲဆန္ဒနယ်အကုန်လုံးက ၆၅ နေရာ ရှိပါတယ်၊ အဲ့ဒီမဲဆန္ဒနယ်မှယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကျနော်တို့ပါတီတွင်း မှာ အရင်ပြိုင်ရမှာဖြစ်ပါတယ်၊ ကျနော်တို့ပါတီက ဗဟိုဦးစီးစနစ်နဲ့ ဘယ်သူ့ကိုပြိုင်ရမှာဆိုတာ မချပေး ပါဘူး၊ အရည်ချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရနိုင်ဖို့အတွက် ကျနော်တို့ ပြိုင်ဆိုင်မှုကို အားပေးပါတယ်၊ ကျနော်တို့ ပါတီတွင်းထဲမှာပေါ့နော် ပြိုင်ဆိုင်နိုင်အောင် ကျနော်တို့ လမ်းဖွင့်ပေးထား တယ်၊ တချို့နေရာတွေမှာကျတော့ ပြိုင်ဆိုင်မယ့် မဲဆန္ဒနယ်တစ်ခုမှာဆိုရင် နှစ်ယောက်ကနေပြီးတော့ ငါးယောက်၊ ခြောက်ယောက်အထိ အဲ့လောက်ထိတောင်မှရှိတယ်"

ရခိုင်အမျိုးသားပါတီ ANP ပါတီဟာ မဲဆန္ဒနယ် ၆၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပြီး ရွေးကောက်ခံ မယ့် ကိုယ်စားလှယ်လောင်းက ၂ဝဝ ကျော်ရှိနေတဲ့အတွက် ပါတီတွင်းမှာ ရွေးချယ်မှုပြုလုပ်တာဖြစ်တယ်လို့ သိရ ပါတယ်။

လာမယ့်မေလလောက်မှာ ANP ပါတီကနေ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ANP ပါတီဟာ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုလုံးမှာ မဲဆန္ဒနယ်အားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေအတွက်လည်း ရွေးကောက်ခံမှာ ဖြစ် ပါတယ်။

သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ANP ပါတီအနေနဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖဲ့ွတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။