တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူကုန်ကူးခံနေရတဲ့ ကလေးပေါင်း ၁၂ သန်းလောက်ရှိရာမှာ မြန်မာနိုင်ငံက ကလေးငယ်အများ စုဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းစားခံနေရတယ်လို့ "ရွှေ့ပြောင်းသွားလာနေသော ကလေးများဆိုင်ရာ ကွန်ရက်"က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ "ကလေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ကြေ ညာချက်မှာ အခုလိုဖေါ်ပြထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးမပြေလည်မှုကြောင့် ကလေးငယ်တွေကို အလုပ်စေခိုင်းရာကနေ လူကုန်ကူးမှုတွေ အထိ ဖြစ်ပေါ်နေတယ်လို့ ရွှေ့ပြောင်းသွားလာနေသော ကလေးများဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဦးရဲရင့်မောင် က ပြောပါတယ်။
"အဓိက မြန်မာပြည်မှာ လိုနေတာက စားဝတ်နေရေးပါ၊ မိသားစုတွေ စားဝတ်နေရေး အဆင်မပြေတဲ့ အခါမှာ ကလေးတွေကို စတေးတဲ့ဟာတွေရှိပါတယ်၊ ကလေးတွေ အလုပ်ခိုင်းတာကနေတဆင့် ရောင်းစား ခံရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့၊ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးစာချုပ်ပါ၊ မြန်မာနိုင်ငံ ကလည်း ၂ဝဝ၃ မှာ လက်မှတ်ရေးထိုးထားပါတယ်၊ နိုင်ငံတွေက လက်မှတ်ထိုးပြီးပြီဆိုရင် ဥပဒေပြဌာန်းပေး ရပါတယ်၊ မြန်မာအနေနဲ့ လက်မှတ်ထိုးပြီးပြီပေါ့နော် ဒါပေမဲ့ ဥပဒေမပြဌာန်းသေးဘူး"
အခုလို ကလေးသူငယ်တွေကို လူကုန်ကူးမှုဟာ ရာဇဝတ်မှုကြီးဖြစ်ပြီး လူမှောင်ခိုကူးသူတွေဟာ နည်းမျိုးစုံနဲ့လှည့်ဖျား ပြီး ရောင်းစားနေကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အစိုးရက ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်သလို ပြည်သူလူထု ကိုလည်း အသိပညာပေးဖို့ လိုအပ်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖဲ့ွတွေက ပြောပါတယ်။
ကလေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မော်လမြိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
