ကလေးငယ်တွေ လူကုန်ကူးခံရမှု United ACT အဖွဲ့ ထောက်ပြ


2015.12.11
anti-child-trafficking-day-620.jpg ဒီဇင်ဘာလ ၁၂ ရက်နေ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က စိမ်းလန်းစိုပြေဥယျာဉ်မှာ ကျင်းပစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေ၊ သဘာဝဘေးဒဏ်ခံရတဲ့ ဒေသတွေနဲ့ မဖံ့ွဖြိုးသေး တဲ့ ဒေသတွေက ကလေးသူငယ်တွေဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ခိုင်းစေဖို့အတွက် လူကုန်ကူးခံနေရ တယ်လို့ ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ United ACT အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

မိသားစုစားဝတ်နေရေး မပြေလည်မှုတွေကြောင့် ကလေးသူငယ်တွေဟာ လူကုန်ကူးခံနေရတာ ဖြစ်တယ်လို့ United ACT အဖွဲ့ရဲ့ ဒေါက်တာ ဇော်ဇော်မျိုးက ပြောပါတယ်။

"အဓိကကတော့  မိသားစုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်၊ ကျောင်းနေချိန်မှာ ကျောင်းမနေရဘဲ နဲ့ ကျောင်းထွက်လိုက်ရတဲ့ အချိန်ကျတော့ သူတို့ရဲ့အသိပညာဗဟုသုတတွေနည်းတယ်၊ မြို့ပြမှာနေတဲ့ ကလေးတွေနဲ့ နယ်မှာနေရတဲ့ ကလေးတွေဆိုရင် နယ်မှာနေရတဲ့ကလေးတွေက ပိုပြီးတော့ လက်လှမ်းမီဖို့ နည်းတယ်ပေါ့နော်၊ သူတို့တွေက ဖြစ်နိုင်ခြေပိုများပါတယ်၊ တချို့လူတစ်စုက ဒီကလေးတွေကို မက်လုံးပေး ပြီးတော့ လုပ်ကြတာတွေရှိမယ်၊ အဲဒါတွေကို နားယောင်မိတဲ့ကလေးတွေက လူကုန်ကူးမှုခံရနိုင်တဲ့ အခြေ အနေမျိုးတွေ ဖြစ်သွားတယ်ပေါေ့နာ်"

မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးသူငယ်လူကုန်ကူးမှု တားဆီးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြေဥယျာဉ်မှာ ဒီနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး ကလေးသူငယ်လူကုန်ကူးမှု တားဆီးရေးနေ့ အထိမ်းအမှတ်နဲ့ ကြေညာချက်ထုတ်တာဖြစ်ပါတယ်။

လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေဟာ လိင်လုပ်ငန်း၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေ မှာ လုပ်ကိုင်နေရပြီး ထိုင်းနဲ့ တရုတ်နိုင်ငံဘက်ကိုလည်း လူကုန်ကူးခံရတာတွေရှိတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ကလေးသူငယ် လူကုန်ကူးမှုတွေကို ရပ်တန့်နိုင်ရေးအတွက် အစိုးရကလုပ်ဆောင်နေပေမယ့် လူကုန်ကူးခံရမှုတွေက ရှိနေဆဲဖြစ်တဲ့အတွက် ကလေးသူငယ် လူကုန်ကူးခံရမှု ပပျောက်ရေးကို United Act အဖွဲ့က သက်ဆိုင်ရာအစိုးရ အဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။

တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ကလေးသူငယ်ပေါင်း ၂သန်းကျော် လူကုန်ကူးခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ခန့်မှန်းထားပါတယ်။

United ACT အဖွဲ့ရဲ့ လုပ်ငန်းတာဝန်ခံ ကိုရဲရင့်နောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။