လာဘ်ပေးလာဘ်ယူ ပပျောက်ရေး လွတ်လပ်စွာ ဆောင်ရွက်နိုင် ဖို့ ကော်မရှင်မျှော်လင့်


2014.02.26
bribe-305.jpg လာဘ်ပေးလာဘ်ယူလုပ်နေတဲ့ မော်တော်ပီကယ်တစ်ဦးပုံ
photo: Internet

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်သစ် အနေနဲ့ မြန်မာနိုင်ငံတဝှမ်းက အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို လွတ်လပ်စွာ ဖော် ထုတ်စုံစမ်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ကော်မ ရှင်ရဲ့ အတွင်းရေးမှူးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်စိန်အမိန့်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက် တဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ အငြိမ်းစားသံအမတ်ကြီး ဦးတင်ဦးက ပြည်သူတွေရဲ့အသံကို နားထောင်ပြီး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း RFA ကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

"ရည်ရွယ်ချက်ကိုက အဂတိလိုက်စားမှု ပပျောက်ရေးဆိုတော့ ဒီပပျောက်ရေးအတွက်ကို ကျနော်တို့လုပ်ကြမယ်၊ ပြည်သူ့အသံ နားထောင်ကြမယ်၊ လွှတ်တော်ကနေပြီးတော့ ဆွေးနွေး ကြတာတွေ နားထောင်ကြမယ်၊ နောက်ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ကဏ္ဍမှာ ရဲရဲတင်းတင်းနဲ့ လုပ်သွားမယ်၊ သမ္မတကြီးတို့လည်း အစိုးရသက်တမ်း သုံးနှစ်ရှိပါပြီ၊ ကော်မရှင်အသီးသီးကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ပိုင်ခွင့်ပေးထားတယ်၊ တင်ပြခွင့်ပေးထားတယ်၊ ဒီအပေါ်မှာ အကောင်းဆုံး အစိုးရနဲ့ဟိုဟာကလည်း ဆောင်ရွက်သွားကြတာ တွေ့တာပဲ၊ အလားတူ ကျနော်တွေ့သလောက် သိသလောက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ လုပ်နေကြပြီးတော့ အစိုးရကို တင်ပြခွင့်ရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်"

နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်အရ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ အဲဒီကော်မရှင်ထဲမှာ နိုင် ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အငြိမ်းစားအရာရှိ ဝန်ထမ်းဟောင်းတွေ၊ အငြိမ်းစားစစ်မှုထမ်းဟောင်းနဲ့ သံအမတ်ကြီးဟောင်းတွေ ပါဝင်ကြောင်း ဖော်ပြ ထားပါတယ်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့က သဘောထားတောင်းခံခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်၊

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစားသံအမတ်ကြီး ဦးတင်ဦးကို RFA သတင်းထောက် မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။