ပညာရေးမှာ ဘက်ဂျက်၂၀ ရာခိုင်နှုန်း သုံးစွဲရေး ပြည်သူ့ လွှတ်တော် အတည်ပြု


2015.04.07
parliament-dassk-305.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း မှာ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ် အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲပေးဖို့ ဆိုတဲ့အချက်ကို ပြည်သူ့လွှတ်တော်က ထည့်သွင်း အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ယောက်က ဒီနေ့ဆွေးနွေးရာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ပညာရေး အသုံးစရိတ်နဲ့ ပတ်သက်ပြီး အခုလိုဆွေးနွေးခဲ့ပါတယ်။

"ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားတဲ့အချက်မှာ ထပ်မံဖြည့်စွက်ခြင်းဖြစ်ပါတယ်၊ ကျနော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ နှစ်စဉ်ဘတ်ဂျက်ရေးဆွဲတဲ့စနစ်နဲ့ လိုက်လျောညီထွေရှိစေဖို့အတွက် ကျနော့်အနေနဲ့ နှစ်စဉ်တိုးမြှင့်ဆောင်ရွက်မယ် ဆိုတဲ့အချက်လေးကို ဖြည့်စွက် ချင်တယ်၊ ကျနော့်အဆိုပြုချက် အပြည့်ဖတ်ရမယ်ဆိုရင် နိုင်ငံတော်ရဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားပြီး နှစ်စဉ်တိုးမြှင့်ဆောင်ရွက် ရမည်လို့ အဆိုပြုချင်ပါတယ်"

ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၆ ယောက်က ဆွေးနွေးပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ ပညာသင်ကြားနေစဉ် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ကြားမှုရပ်နားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သင့်တော်တဲ့ ပညာ သင်ကြားမှု ပြန်လည်ရရှိစေဖို့၊ အဆင့်မြင့်ပညာသင်ကျောင်းတွေမှာ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိစေဖို့၊ ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရှိဖို့၊ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်တွေကိုပြင်ဆင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီနေ့ အတည်ပြုနိုင်ဖို့အတွက် ဥပဒေကြမ်းကော်မတီ ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီအပြင် ကော်မတီ၊ ကော်မရှင်တွေက ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဥပဒေကြမ်းကော်မတီရုံးခန်းမှာ မနေ့က အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒီနေ့ ဆွေးနွေးအတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ထံ ပြန်လည်ပေးပို့ မှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ မူလအတည်ပြုချက်မှာ ပညာရေးအသုံးစရိတ်ကို ရာခိုင်နှုန်းအတိအကျ သတ်မှတ်ထားတာမရှိဘဲ နှစ်စဉ်တိုးမြှင့်သွားမယ်လို့ ပါရှိတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။