မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နဲ့ မြစ်သား မြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ထံ တင်ပြသွားမှာဖြစ်တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေးပြော ကြားလိုက်ပါတယ်။
သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တပ်မတော်က အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်ထား တာမရှိဘဲ လယ်ဝင်ထွန်တဲ့ လယ်သမားတွေက တရားစွဲဆိုခံထားရတယ်လို့ တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောပါတယ်။
"အစိုးရကလည်း စီမံကိန်းအတိုင်း လက်တွေ့အကောင်အထည်ဖော်တာလည်းမရှိဘူး၊ တကယ်ဘာမှအသုံးမချ တဲ့ တောရိုင်းကြီးဖြစ်နေတဲ့ သူတို့ရဲ့ အရင်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့မြေတွေကို ပြန်ဖော်ပြီးတော့မှလုပ်ကြတာ၊ အဲ့ဒါကို သူတို့က ထွန်တုံးတိုက်ပွဲလုပ်တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့မှ တရားစွဲထားတယ်၊ လောလော ဆယ်တော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ လယ်ယာခန့်ခွဲမှုကော်မတီအနေနဲ့ ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ အကြံဉာဏ်ပြုပါတယ်"
အဲဒီ့ယာမြေတွေ ပြန်လည်ရရှိဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ဖြေရှင်းပေးတာ မရှိဘူးလို့ ဒေါ်ခင်သန္တာနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပေါင်လောင်းကြီးကျေးရွာက ဧက ၂ဝ ကျော် သိမ်းဆည်းခံထားရသူ့ လယ်သမား ဦးစန်းလင်းက ပြောပါတယ်။
"သူတို့ တင်ပြတောင်းဆိုခဲ့တာ စာကအကြိမ်ကြိမ်ရှိပါပြီ၊ ကျနော်တို့ဆီမှာ မြို့နယ်မှူးအတိုင်းအတာကနေ မှ ခေါ်ပြီးတော့ စခန်းတာဝန်ခံနဲ့ ကျနော်တို့ လယ်သမားခေါင်းဆောင်တွေ ခေါ်တွေ့ပြီးတော့ ဆွေးနွေး တယ်၊ ဆွေးနွေးပေမယ့်လို့ ကျနော်တို့ဆီမှာ အကြောင်းထူးခြားမှု ဘာမှတစုံတရာရှိမလာခဲ့ပါဘူး"
လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်က တောင်တော်၊ ပေါင်လောင်ကြီး၊ လွန်ကျော်၊ ထားဝယ်အင်း၊ ပေတောစတဲ့ ကျေးရွာ ၆ ရွာက ယာမြေဧက ၆ ထောင်ကျော်ကို လွန်ကျော်ဝါ စိုက်ပျိုးရေးခြံ စီမံကိန်းအတွက်ဆိုပြီး ပင်မခဲယမ်းမီးကျောက်တပ်က နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။
အဲဒီယာမြေတွေထဲက ယာမြေဧက ၄ ထောင်ကျော်ကို ၂ဝဝ၅ ခုနှစ်မှာ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ထံ လွဲှပြောင်းပေးခဲ့ပြီး သီးစားချထားခဲ့တယ်လို့လည်း သိရပါတယ်။
မြစ်သားမြို့နယ် ထားဝယ်အင်းကျေးရွာက လယ်သမား ၁၀ ဦးကျော်လောက် အဲဒီယာမြေတွေမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ဝင်ရောက်ထွန်ယက်ခဲ့တဲအတွက် ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပါတယ်။
