ဒါ့အပြင် ငွေမပေးနိုင်သူ ဆင်းရဲသား ရွာသားတွေကိုလည်း နေပူလှန်း၊ ဖားခုန် ခိုင်းတာမျိုးတွေ နေ့စဉ် ဖြစ်နေတယ်လို့ ကိုယ်တိုင် အမြဲတမ်း ကြုံတွေ့နေရတဲ့ ရွာသားတဦးက RFA ကို ပြောပါတယ်။
ပျဉ်းမနား - တောင်ညို အဝေးပြေးလမ်းမကနေ ကပစ (၁၈) စက်ရုံ ရှိတဲ့ဖက်ကို အရှည် ၇ မိုင်ရှိတဲ့ လမ်းခွဲတခု ဖောက်လုပ်ပြီး ကပစ (၁၈) က ဂိတ်တခု ဖွင့်ပြီး အဲဒီလို ဒေသခံတွေကို ညှဉ်းပန်းနှိပ်စက်နေတာ ဖြစ်ပါတယ်။ အဲဒီ ဂိတ်ဟာ ကပစ စက်ရုံကနေ ၇ မိုင်လောက်ဝေးတဲ့ လမ်းဆုံမှာ စက်ရုံ လုံခြုံရေးနဲ့ ဘယ်လိုမှ မသက်ဆိုင်ပဲ ငွေရလိုမှု တခုတည်းနဲ့သာ ဖွင့်ထားတဲ့ ဂိတ်တခု ဖြစ်ကြောင်း ရွာသွားတွေက ပြောပါတယ်။ အဲဒီဂိတ်ကို မကြာခဏ ဖြတ်သွားရတဲ့ ဒေသခံ ရွာသားတဦးက RFA ကို အခုလို ပြောပြပါတယ်။
“ဒီ ကပစ ၁၈ ကနေပြီးတော့ သူတို့ ဧရိယာနဲ့ မဆိုင်ပဲ ကျွန်တော်တို့ အရပ်ဖက် နယ်ထဲကို ၇ မိုင်လောက် ကျော်ပြီးတော့ ဒီ ဂိတ်ကြီး ဆောက်ထားတယ်ဗျ။ အဲဒီ ဂိတ်ကြီး ဆောက်ထားပြီးတော့ အဲဒီ ဂိတ်မှာ မောင်းတံကြီး ချပြီးတော့ အဲဒီ လမ်းထဲကို ဝင်သမျှ ကားဟူသရွေ့ကို ကောက်တယ်။ ကောက်ခံတဲ့ အချိန်မှာလည်း တင်းတင်းမာမာ တောင်းဆိုပြီးတော့ ကောက်ခံလေ့ရှိတယ်။”
“အလားတူပဲ ကားတစီးကိုလည်း တခေါက် ဖြတ်တိုင်းဖြတ်တိုင်းပဲ ၁၀၀၀ တောက်လျှောက် တောင်းတယ်ဗျ။ သူတို့ လမ်းပေါ်က ဖြတ်သွားမိတဲ့ လှည်းတွေဆိုရင် အငေါက်ခံရတယ်၊ ဖားခုန် ခုန်ခိုင်းမယ် ပြောတယ်၊ ပါးရိုက်မယ်၊ နားရိုက်မယ် ကြိမ်းမောင်းတယ်၊ တော်တော် ဆိုးတာက လမ်းထိပ်ဝ နေရာမှာ ရှိတာကိုး၊ သူတို့ လမ်းနဲ့ မဆိုင်တဲ့ ကျွန်တော်တို့ အရပ် လမ်းပေါ်မှာ သွားတဲ့ လှည်းတွေကိုလည်း ငေါက်ပြီးတော့ ထင်းတော ဝါးတော ဆင်းတဲ့ ဆင်းရဲတဲ့ ဒီ သစ်တောထွက် လှည်းနွားတွေကို ခေါ်ပြီးတော့ ရပ်ခိုင်းတယ်၊”
“အဲဒီ တောင်သူတွေ အရပ်သားတွေကို သူတို့ ဆက်ကြေး တောင်းတယ်ပေါ့ဗျာ။ သူတို့အတွက် အခွန် လှည်းတစီးကို ထင်းလှည်း ဝါးလှည်းဆို ပိုက်ဆံပေးမလား၊ မပေးရင် ထင်းချဝါးချ ဖားခုန် ခုန်ခိုင်းမယ်၊ ပါးရိုက်မယ် အစရှိတာ အဲလို တပ်နဲ့ မဆိုင်ပဲ အရပ်ဖက် ကျွန်တော်တို့ လမ်းပေါ်မှာ သူတို့က အဲဒီလို ကြိမ်းမောင်းပြီးတော့ တောင်းတယ်ဗျ။”
ဒါ့အပြင် အဲဒီ ကပစ ၁၈ စစ်တပ်ဂိတ် ကားလမ်းဘေးမှာ အရှည် ပေ ၃၀၀ ခန့် ရှိပြီး အမြင့် ၄ ပေလောက် ရှိတဲ့ မြေကြီးတွေ ဖို့ထားတဲ့အတွက် တောင်ကျရေ စီးဆင်းမှု မရှိပဲ ကားလမ်း အပေါ် အောက်မှာ ရှိတဲ့ လယ်ယာမြေတွေ ပျက်စီးနေကြောင်းလည်း ရွာသားတွေက ပြောပါတယ်။ ဒီကိစ္စအတွက် တောင်တွင်းကြီးမြို့နယ် မယက ကို တိုင်ကြားခဲ့ပေမဲ့ မြို့နယ် မယက အာဏာပိုင်တွေက ဒါဟာ စစ်တပ်ကိစ္စ ဖြစ်တဲ့အတွက် စစ်တပ်နဲ့သာ ညှိကြဖို့သာ ပြန်လည် ဖြေကြားတယ်လို့ ဆိုပါတယ်။
ရွာသားတချို့က စစ်တပ်ဂိတ်ကို သွားရောက် ရှင်းပြတဲ့အခါမှာ အဲဒီ ကပစ ၁၈ ဂိတ် တာဝန်ရှိသူတွေက လမ်းဖောက်တဲ့ ကုမ္ပဏီနဲ့သာ စကားပြောဖို့ ကြိမ်းမောင်း ပြောဆိုတယ်လို့ သိရပါတယ်။
