UWSA အဖွဲ့က မတ်လ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ "ငြိမ်းချမ်းရေးကို လိုလား၊ စစ်ကို ဆန့်ကျင်သည်" ဆိုတဲ့ စာတမ်းကို ပန်ဆန်းမြို့ကို ရောက်ရှိနေတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်ဦးစီး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းညီ ကို UWSA အရာရှိတွေက ပေးအပ်ခဲ့တာပါ။
စစ်အစိုးရအရာရှိဟာ တရုပ်-မြန်မာ နယ်စပ်လုံခြုံရေး လေးလတကြိမ် စည်းဝေးပွဲကို အခုတကြိမ် တရုပ်ပြည်မှာ ပြုလုပ်မှာ ဖြစ်တာကြောင့် တရုပ်ပြည်ကို အသွား ပန်ဆန်းမြို့ကို မတ်လ ၂ဝ ရက်နေ့က ရောက်လာတာ ဖြစ်ပါတယ်။
UWSA အရာရှိတွေရဲ့ စာမှာ ၁၉၈၉ခုနှစ် UWSA အဖွဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အချိန်က စပြီး စစ်အစိုးရနဲ့ ဆက်ဆံရေး အခြေအနေတွေကို ရေးသားထားပြီး ၂ဝဝ၉ ခုနှစ် ဧပြီလမှာ စစ်အစိုးရက အကြပ်ကိုင်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စာထဲမှာ၂ဝဝ၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းနဲ့ ဗိုလ်ချုပ်ကြီးရဲမြင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့တဲ့ စကားတွေကို ကိုးကား ဖော်ပြထားသလို စစ်အစိုးရ အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေ တင်ပြတဲ့ တပ်အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံရေး တောင်းဆိုမှုတွေကို သဘောထားကြီးကြီးနဲ့ နားထောင်ဖို့ လိုတယ်လို့ ရေးသားထားကြောင်း သိရှိရပါတယ်။
