တရုတ်သံရုံးအနီး ဆန္ဒပြခဲ့သူတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရမှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းကနေ တရုတ်သံရုံးနားအထိ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ Generation Youth အဖွဲ့ဝင် ကိုတင်ထွဋ်ပိုင်ကို မနေ့ညနေပိုင်းမှာ ဒဂုံမြို့နယ်ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ပုဒ်မ၅၀၅(ခ)ဆူပူလှုံ့ဆော်မှုနဲ့ ဒီနေ့နေ့လည်ပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ Generation Youth အဖွဲ့က ကိုမင်းနေထူးက ပြောပါတယ်။

"ကိုတင်ထွဋ်ပိုင်ကို ဒဂုံမြို့နယ်က မြို့နယ်မှူးရယ်၊ မြို့နယ်စခန်းမှူးရယ်၊ ဝရမ်းလည်းမပါဘူးဗျာ၊ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီးတော့ ပြန်လွှတ်ပေးပါ့မယ် ဆိုပြီးတော့ ဒဂုံရဲစခန်းကိုခေါ်သွားတယ်၊ တရုတ်အလံကို မီးရှို့တာနဲ့ ပတ်သက်ပြီး ပုဒ်မ ၅ဝ၅(ခ)နဲ့ အချုပ်ထဲတန်းပို့တာ၊ ရုံးကအာမခံပေး မယ်ဆိုပြီးတော့ ရုံးတင်လိုက်တော့ သူအာမခံမရဘဲ အင်းစိန်ထောင်ထဲ ရောက်သွားပါတယ်၊ ရမန်ယူပြီးတော့ လွှတ်မယ်ဆိုပြီးတော့ တန်းပို့တာပေ့ါ"

နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးအထိ လမ်းလျှောက်ကြရာမှာ ရဲတပ်ဖွဲ့က သံရုံးအနီးမှာတားဆီးခဲ့ပြီး ဆန္ဒပြသူတွေက တရုတ်အလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

ကိုတင်ထွဋ်ပိုင်ကို လာမယ့်ဒီဇင်ဘာ၁၀ရက်နေ့မှာ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။