မလေးရှားမှာ မြန်မာနိုင်ငံသား ၂၃ ဦး သတ်ဖြတ်ခံရမှု လူ ၇ ဦးကို စတင်ဖမ်းဆီး

0:00 / 0:00

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၃ ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ သံသယရှိသူ ၇ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကွာလာလမ်ပူမြို့ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၀ နဲ့ ၄၀ အကြား ရခိုင်ဒေသကလာတဲ့ မွတ်စလင်အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကသံသယရှိသူတစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်အရ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ သူ့မိသားစုဝင် ၆ ဦး သတ်ဖြတ်ခံရတဲ့အတွက် အခုလို မလေးရှားမှာ သတ်ဖြတ်မှုကျူးလွန်ခဲ့ရတာလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူအများစုဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး၊ မလေးရှားအာဏာပိုင်တွေအနေနဲ့ မြန်မာ နိုင်ငံသား ၂၀ နီးပါး သတ်ဖြတ်ခံရတဲ့အထိ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေ ထိထိရောက်ရောက် မလုပ်ဆောင်ခဲ့ဘူးလို့ ကွာလာလာမ်ပူအခြေစိုက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မြန်မာအမျိုးသားလွှတ်တော်က မလေးရှားလွှတ်တော်ကို စာပေးပို့တောင်းဆိုသွားမှာဖြစ်ကြောင်း၊ အကယ်၍ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေ မလုပ်ဆောင်ခဲ့ရင် IPU နိုင်ငံတကာ ပါလီမန်များသမဂ္ဂကတဆင့် တောင်းဆိုသွားမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က နိုဝင်ဘာ ၁၁ ရက်နေ့က ပြောဆိုထားပါတယ်။

ဒီတောင်းဆိုမှုတွေကြောင့် အပြင် မလေးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့အတွက် မလေးရှားအာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးစုံစမ်းမှုတွေ စတင်လုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ ကွာလာလာမ်ပူမြို့အခြေစိုက် အာရကန်ရိုဟင်ဂျာ ဒုက္ခသည်များအဖွဲ့ အကြီးအကဲ မိုဟာမတ် ဆာဒတ် က ပြောပါတယ်။

"ဒါကတော့ အာဆီယံနိုင်ငံအတွင်းမှာလည်း အချင်းချင်းနားလည်မှှုလွဲသွားမှာ စိုးရိမ်လို့ နောက်ပြီးတော့ ဒီတိုင်းပြည်မှာလည်း ဒီလူတွေအသတ်ခံရတယ်ဆိုရင်၊ ခဏခဏအသတ်ခံရတယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ နာမည်ပျက်မှာပဲစိုးရိမ်လို့၊ သူတို့က မလေးရှားနိုင်ငံမှာ ကျူးလွန်မှှုမဖြစ်အောင် ဆက်လက်ပြီးတော့ ဖြစ်မလာအောင် လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်"

အခုနှစ်ဆန်းပိုင်ကလည်း မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင်တို့ဟာ ကွာလာလမ်ပူမြို့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခတွေဖြစ်ပွားတဲ့အခါတိုင်း မလေးရှားနေ မြန်မာ လူမျိုးတွေ လည်လှီး သတ်ဖြတ်ခံရမှုတိုးလာတယ်လို့လည်း မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ လူမှုရေးဆောင် ရွက်နေသူတွေက ပြောပါတယ်။

ကွာလာလာမ်ပူမြို့အခြေစိုက် အာရကန်ရိုဟင်ဂျာ ဒုက္ခသည်များအဖွဲ့အနေနဲ့ မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ၊ ဒုက္ခသည်တွေအကြား ချစ်ကြည်မှုရှိအောင် အားစိုက်ကြိုးပမ်းနေကြောင်း အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ မိုဟာမတ် ဆာဒတ် က ပြောပါတယ်။ မိုဟာမတ် ဆာဒတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။