ဖမ်းဆီးခံကျောင်းသားတွေ မိဘနဲ့ တွေ့ဆုံခွင့်ရရှိ

0:00 / 0:00

0:00 / 0:00

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရပြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားတွေကို မိဘတွေက ဒီနေ့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဖမ်းဆီးခံထားရဆဲ ကျောင်းသူ ကျောင်းသားတွေထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်း ဒီနေ့ သွားရောက်တေ့ွဆုံခဲ့တဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့တွေ့ခွင့်ရတယ်၊ ကျနော်တို့ သွားတွေ့တယ်ခင်ဗျ၊ သွားတွေ့တဲ့အခါကျတော့ သမီးကလာတွေ့တယ်၊ ကျနော်တို့ တွေ့တာတော့ မလွတ်လပ်ဘူးဗျာ၊ သမီးဘက်မှာ ဝန်ထမ်းအမျိုး သမီးနှစ်ယောက်၊ ကျနော်တို့ဘက်မှာ ဝန်ထမ်း အမျိုးသမီးတစ်ယောက်နဲ့ ဝန်ထမ်းအမျိုးသားတစ်ယောက် သူတို့စာရေးတာပေါ့ဗျာ၊ ကျနော်တို့ပြောတာ အကုန်လုံးနားထောင်ရတယ်၊ မှန်ချက်တွေကာထားတယ် သံဇကာတွေကာထားတယ်ဗျ ကျနော်တို့ က တွေ့ရတယ်ပေါ့"

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူတွေကို ရိုက်နှက်စစ်ဆေးတာတွေရှိတယ်လို့ ပြောကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးခံ ကျောင်းသားမိသားစုဝင်တွေကို တစ်ပတ်မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ တေ့ွဆုံခွင့်ပေးမှာ ဖြစ် ပါတယ်။

အစိုးရက ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသား ၂၆ ယောက်ကို လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ ကျောင်း သူ ကျောင်းသားတွေနဲ့ သူတို့ကို ကူညီသူအရေအတွက်က ၁ဝဝ နီးပါး သာယာဝတီ အကျဉ်းထောင်မှာ လက်ရှိ ကျန်နေပါတယ်။ သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ် ပင်မစစ်ကြောင်းက ဖမ်းဆီးထား တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရှေ့နေများနဲ့ တွေ့ဆုံခွင့်မပေးခြင်းဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူး လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ပြောဆိုလိုက်ပါတယ်။

အဖမ်းခံထားရသူတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က အမူလိုက်ပါဆောင်ရွက်ဖို့ စီစဉ် လျက်ရှိပေမယ့် ဖမ်းထားသူတွေနဲ့ တွေ့ဆုံခွင့် အခုအချိန်အထိမရဘူးလို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ရှေ့နေများကွန်ရက်က ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို သာယာဝတီထောင်မှာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းကို RFA ဝိုင်းတော်သူ မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုမှာ ရိုက်နှက်ဖမ်းဆီးခံရပြီး တရားစွဲခံနေရတဲ့ ကျောင်းသားတွေ ထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို သူ့မိဘတွေ မတ်လ ၂ဝ ရက်နေ့ မနေ့က ထောင်ဝင်စာတွေ့ခွင့်ရခဲ့ပါတယ်။ သူ့မိခင် ဒေါ်ခင်ခင်ယုနဲ့ RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။