ဖမ်းဆီးခံကျောင်းသားတွေနဲ့ ပြည်သူတွေ အားလုံးခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ မတ်လ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
အဲ့ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟဝင်းတင်က
"ကျနော်တို့အဓိကက ၄ ချက်ကို တောင်းဆိုထား တယ်၊ နံပါတ် ၁ က အစိုးရနဲ့နိုင်ငံရေး ရာ ဆွေးနွေးရေး၊ ဖမ်းဆီးခံကျောင်းသားကျောင်း သူများနဲ့ ဝန်းရံသူများအား ခြွင်းချက်မရှိ ပြန် လွှတ်ပေးရန်၊ နံပါတ် ၂ က အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများအား ထိရောက်စွာဖော်ထုတ် အရေးယူပေးရန်၊ နံပါတ် ၃ က ကျနော်တို့နဲ့ သဘောတူပြီးဖြစ်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှ ကတိကဝတ်များအား ထပ်မံချိုးဖောက်ခြင်းမပြုရန်၊ နံပါတ် ၄ ကျနော်တို့ရဲ့ မူလတောင်းဆိုချက် ၁၁ ချက်နဲ့ညီညွတ်သော အမျိုးသားပညာရေး ဥပဒေအသစ် တစ်စုံကို အမြန်ဆုံးအတည်ပြု ပြဌာန်းပေးရန် အဲ့ဒီ ၄ ချက်ကို ကျနော်တို့ အဓိကထားပြီး တောင်းဆိုတာပါ"
အဖမ်းခံထားရတဲ့သူတွေ မလွှတ်မချင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ရဲ့ ဆောင်ရွက် ချက်တွေမှာ ဗကသများအဖွဲ့ချုပ် ပါဝင်ဆောင်ရွက်ဖို့ မသင့်ဘူးလို့ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သပိတ်မှောက်ကျောင်းသားနဲ့ ဝန်းရံတဲ့ပြည်သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်သလို၊ ဖမ်းဆီးခံကျောင်းသားတွေကို တရားရုံးချိန်ကျော်တဲ့အထိ ရုံးထုတ်စစ်ဆေးနေတာဟာ တရားမျှတမှုမရှိတဲ့ ဥပဒေပြင်ပ လုပ်ရပ်ဖြစ်တယ်လို့လည်း ကြေညာချက်မှာရေးသား ထားပါတယ်။
ဒီအတောအတွင်းမှာပဲ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုမှာ ဖမ်းဆီးလိုက်တဲ့ ကျောင်းသားသပိတ် ဝန်းရံသူ သံဃာတော် ၁ဝ ပါးကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြန်လွတ် လာတဲ့ မန္တလေးမြို့ ရှမ်းစုရပ် ဆီးဘန်နီတိုက်က ဆရာတော်အရှင်စိန္တတက သူတို့ သံဃာတွေကို လူဝတ်လဲဖို့ အာဏာပိုင်တွေက ကြိုးစားခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်
"ခြေချုပ်ချုပ်တဲ့အချိန်မှာ အောက်ကရဲမှူးတစ်ယောက်ကနေပြီးတော့ သိက္ခာချပေးဖို့ အပေါ်ကိုလှမ်း လှမ်းပြောတယ်၊ လှမ်းလှမ်းပြောတဲ့အချိန်မှာ လက်ပံတန်းမြို့နယ် ဥက္ကဌဆရာတော်တွေ ရောက် လာတယ်လေ၊ ရောက်တဲ့အချိန်မှာ သူတို့ကနေပြီးတော့ သံဃအလုပ်သံဃာပဲ လုပ်မယ်ပေါ့နော်၊ သူတို့ဆုံးဖြတ်ချက်ပဲ မူတည်မယ်ဆိုပြီးတော့ ဦးဇင်းတို့ကို အဲ့ဒါနဲ့ ဆရာတော်တွေရော အနောက်ခြမ်း ပိုင်း သာသနာရေးမှူးနဲ့ လက်ပံတန်းမြို့ ဆရာတော်တွေက ဦးဇင်းတို့ကို ပြန်ပြီးတော့လွှတ်လိုက်တာ"
ပြန်လွတ်လာတဲ့သံဃာတော်တွေဟာ ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေနဲ့အတူ မန္တလေးမြို့ကစပြီး သပိတ်ဖြိုခွဲခံရတဲ့ လက်ပံတန်းထိ လိုက်လံဝန်းရံပေးခဲ့သူတွေဖြစ်ပါတယ်။