ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ လုံဘုတ်ကျွန်း၊ မီဒါနား အပန်းဖြေစခန်းမှာ စတင် ကျင်းပတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တောင်အာရှကျွန်းစု နယ်မြေပိုင်နက် အငြင်းပွားမှု အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တချိန်တည်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ အာစီယံက တောင်းဆိုကြောင်း၊ တဖက်မှာလည်း မသမာမှုတွေ များခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ စစ်အစိုးရ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပွင့်လင်းပြီး နောင်ဖြစ်လာမယ့် ပြောင်းလဲမှု အလားအလာတွေအတွက် အပြုသဘော ဆောင်ရွက်မှု တခုအဖြစ် ရှုမြင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါးက သတင်းထောက်တွေကို ပြောပါတယ်။
မနှစ်က ဒီအချိန်နဲ့စာရင် မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ပေါ်မှု ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား ကွာဟမှုဟာ အရင်ကထက် ပိုပြီး နည်းပါးလာကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့ဆက်လိုတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေး အပြုသဘော ပြောကြားလာတာတွေ တွေ့မြင်ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာစီယံ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးကလည်း အာစီယံ အလှည့်ကျဥက္ကဌ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်မယ့် အစိုးရသစ်တရပ် ပေါ်ထွန်းလာရေး အာစီယံက လိုလားကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။