ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးတာဟာ ရဟန်းအလုပ် ရဟန်းလုပ်တာဖြစ်တယ်လု့ိ ဆရာတော် အရှင်ဆန္ဒာဓိကက အခုလို မိန့်ကြားပါတယ်။
"ဦးဇင်းတို့ ရဟန်းသံဃာတော်တွေက ကိုယ်တိုင် လည်း မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားရမယ်၊ ပတ်သက်ရာ ပတ်သက်ကြောင်း ဒကာ ဒကာမတွေကိုလည်း တိုက်တွန်းရမယ်၊ အခု ပုဒ်မ ၄၃၆ ကို လက်မှတ်ထိုးလိုက်တယ်ဆိုတာက တရားမမျှတတဲ့အလုပ်ကို လုံးဝမလုပ်ပါနဲ့ တရားမျှတတဲ့အလုပ်ကို လုပ်ပါ၊ တရားမျှတတဲ့ စိတ်ထားကို မွေးမြူပါလို့ တရားဟောလိုက်တာနဲ့ အတူတူပါပဲ၊ နှုတ်နဲ့ဟောတာ စာရေးပြီးတော့ဟော တာ စသဖြင့် တရားဟောပုံဟောနည်းတွေ အများကြီးပဲရှိတဲ့အထဲက ဦးဇင်းကတော့ လက်မှတ်ထိုးတဲ့နည်းနဲ့ တရားဟောပေးတာပါ၊ ဒီနေ့ ဦးဇင်း လက်မှတ်လာထိုးတာဟာ ရဟန်းအလုပ် ရဟန်းလုပ်တာပါပဲ၊ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်တာပါပဲ"
ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်း၊ ရဟန်းသံဃာတော်တွေဆိုတာ နိုင်ငံ သားတွေဖြစ်တဲ့အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သံဃာတော်တွေနဲ့လည်း သက်ဆိုင်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက် မွေးနေ့အတွက် ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ဆောင်ရွက်နိုင်ပါစေလို့ မွေးနေ့ ဆုတောင်းစကား မိန့်ကြားခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။