ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီးတွေ့ဆုံမှု ကုလ ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆို လိုက်ပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ အပါအဝင် ရှေ့ဆက် လုပ်ဆောင် ရမယ့် အဆင့်တွေကိုလည်း ဆက်လက် လုပ်ဆောင် သွားစေလိုကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အတွင်းရေးမှုးချုပ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား အတွက် သာမက၊ နိုင်ငံတကာ တောင်းဆိုမှုတွေနဲ့လည်း ကိုက်ညီသွားအောင်၊ ဒီတွေ့ဆုံဆွေးနွေးမှုကနေ အပြန်အလှန် ယုံကြည်မှုရတဲ့ အထိ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့မြန်မာအစိုးရကို ပန်ကြားလိုကြောင်း၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြောဆိုချက်အရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေသေး တယ်လို့ သူအနေနဲ့ သိရှိထားကြောင်း မစ္စတာဘန်ကိုမွန်းက ပြောဆိုပါတယ်။ အလားတူ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ္စစ် ဗစ်တိုးရီရား နူလန်း (Victoria Nuland) ကလည်း - အခုလို တွေ့ဆုံဆွေးနွေးမှုမျိုးကို အမေရိကန် အစိုးရ အနေနဲ့တွေ့မြင်လိုတာ ဖြစ်ကြောင်း၊ ဘာတွေကို ဆွေးနွေးကြတယ် ဆိုတာကိုတော့ အတိအကျ မသိကြောင်း၊ မြန်မာပြည်ရဲ့အနာဂတ် အပေါ် သက်ရောက်မှု ရှိတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးဖို့ မိမိတို့ တိုက်တွန်းခဲ့ကြောင်း၊ မြန်မာအစိုးရကို ပြောကြားလိုတာကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့လုံခြုံရေးကို အထူး ဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။