ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ

ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ၂၀၁၂ ခုနှစ်အတွက် အညတြ သူရဲကောင်းဆု ချီးမြှင့်ခံရသူ ၅ ဦး အတွက် ဆုချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို နာယက ဦးတင်ဦး၊ ဦးဝင်တင်နဲ့ သဘာပတိ အဖွဲ့ဝင်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဧည့်သည်တော်တွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ပညာဒါနကျောင်း တစ်ကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဒီအခမဲ့ ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။

“မနက်ပိုင်းမှာ အမေစုရဲ့ မွေးနေ့မင်္ဂလာအဖြစ် မြို့ပေါ်ရှိကျောင်းပေါင်းစုံက သံဃာတော်(၁၀) ပါးကို မုန့်ဟင်းခါးဆွမ်း ဆက်ကပ်တယ်ပေါ့ဗျာ၊ ဒီလာတဲ့ ပရိသတ်ကိုတော့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားနဲ့ ဧည့်ခံကျွေးမွေးပြီးတော့ ကျောင်းဖွင့်ပွဲအခမ်းအနားကို (ရး၁၅) မိနစ်မှာ စဖြစ်တယ်ပေါ့ဗျာ။ အဲဒီမှာ အမေ့အိမ် ကျောင်းအုပ်ကြီး ဦးအေးဘိုနဲ့ ကျွန်တော်တို့ ဟင်္သာတမြို့ ဓမ္မဗိမ္မာန်ကျောင်းတိုက်မှ ဆရာတော်တို့က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ပေးတယ်။ (၉) တန်းက အယောက်(၅၀) နဲ့ (၁၀)တန်းက (၁၀၂) ယောက်ပေါ့။ ခလေးတွေက အားလုံး ဒီကနေ့ အကုန်လာကြတယ်။ ကျောင်းစိမ်းလေးတွေ ဝတ်ပြီးတော့ အလံလေးတွေ ဝှေ့ယမ်းပြီးတော့ အမေစု ကျန်းမာပါစေဆိုပြီးတော့ ဝိုင်းပြီးဆုတောင်းကြတယ်ပေါ့နော်”

ဒီကနေ့ ကျောင်းဖွင့်ပွဲ အခမ်းအနားကို (၈၈) မျိုးဆက် ကျောင်းသားများ ဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်း၊ ကိုမာကီးနဲ့ မစုစုနွေးတို့ အပါအဝင် ပရိသတ်(၃၀၀) ခန့် တက်ရောက်ခဲ့ပြီး အလှူငွေ (၆) သိန်းကျော် လက်ခံရရှိတယ်လို့ သိရပါတယ်။

အလားတူပဲ ချောင်းသာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ချောင်းသာ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းကပြုလုပ်တဲ့ မွေးနေ့အစီအစဉ်ကို ချောင်းသာမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင် မမေဆွိက အခုလို ရှင်းပြပါတယ်။

"ရုံးမှာ မနက် ၅ နာရီခွဲလောက်က ဆွမ်းကပ်တယ်ပေါ့နော်။ အဲဒီကနေ စလိုက်တာလေ အခမ်းနားအစီအစဉ် အခုထိတော့ မပြီးသေးဘူးပေါ့နော်။ အမေစုရဲ့ ၆၇ နှစ်ပြည့် မွေးနေ့အမှတ်တရပေါ့နော်။ သက်စေ့လေ ဂဏန်း ၆၇ ကောင်လွှတ်တယ်"

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ နှစ် အထိန်းအမှတ် ဂဏန်း ၆၇ ကောင်ကို ဘေးမဲ့လွှတ်ခဲ့ကြတယ်လို့ ပြောဆိုခဲ့ပြီး အရင်နှစ်တွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဂုဏ်ပြုပွဲတွေကို ချောင်းသာမှာ လျှို့လျှို့ဝှက်ဝှက် လုပ်ခဲ့ကြပေမယ့် ဒီနှစ်တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းပြီး NLD ရုံးမှာ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပတာလို့လည်း မမေဆွိက ပြောပါတယ်။ ချောင်းသာမြို့ နယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။