အိုင်ယာလန်နိုင်ငံ မြို့တော် ဒါဗလင်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့အတွက် အဓိက စီစဉ်သူတွေကတော့ AI ခေါ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အိုင်ယာလန်နိုင်ငံ ဌာနခွဲက ဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အိုင်ယာလန် AI အဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက RFA ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ယာလန်နိုင်ငံ ခရီးစဉ်ကို အတည်ပြုပါတယ်။
နောက်လထဲ လာမှာပါ။ ခရီးစဉ် အသေးစိတ်ကိုတော့ ကျွန်မတို့ ပြောလို့ မရသေးပါဘူးလို့ ပြောပါတယ်။ အခုလို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိုင်ယာလန်နိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တဲ့အတွက် အိုင်ယာလန် ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Eamon Gilmore က အလွန်ပဲ ကျေနပ် ဝမ်းသာမိကြောင်း ပြောပါတယ်။
အိုင်ယာလန် ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားတာကြောင့် ခရီးစဉ်အတွင်း ဂုဏ်ပြုဖို့ လူထုစည်းဝေးပွဲကြီး တစ်ခုကိုလည်း စီစဉ်လျာထားတယ်လို့ အေအိုင်အဖွဲ့ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အလယ်မှာ ပြည်ပခရီးစဉ်အဖြစ် နော်ဝေးနိုင်ငံကို ပထမဆုံး သွားရောက်မှာဖြစ်ပြီး အဲဒီနောက် ဗြိတိန်နိုင်ငံကို သွားမှာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ဂုဏ်ပြုမှု တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။