ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ရောက်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အင်္ဂါနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။

လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့ မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

လုံခြုံရေးထူထပ်စွာ ချထားတဲ့ အထူးဧည့်သည်တော် ထွက်ခွာရာဂိတ်ကနေ ကားပေါ်မတက်ခင် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိပေမယ့် ပရိသတ်များကို လက်ဝှေ့ရမ်း နှုတ်ဆက်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုကြသူတွေထဲမှာ ပါဝင်တဲ့ မဟာချိုင်ဒေသက မြန်မာအလုပ်သမား မချိုချိုလေး ဆိုသူကတော့ သူနဲ့တခြားသူငယ်ချင်း အချို့ဟာ နေ့လည်ကတည်းက မဟာချိုင်ကနေထွက်ခဲ့ပြီး လေဆိပ်မှာ လာရောက် စောင့်ဆိုင်းနေကြတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံက မိမိတို့ မြန်မာတွေရဲ့ ဘဝအခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီဖြေရှင်းပေးစေချင်တယ်လို့ သူက ပြောပါတယ်။

“အားကိုးတကြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားအတွက် လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ပေးဖို့အတွက် စကားတွေအများကြီးလည်း ပြောခွင့်ရှိရင် ပြောချင်တယ်။ အဓိက ကတော့ ထိုင်းသူဌေးတွေ လက်အောက်မှာ ရှိနေတဲ့ အလုပ်သမားတွေကို အဆင်ပြေအောင် ကိုယ့်နိုင်ငံသားအပေါ် တရားမျှတအောင် လုပ်ပေးစေချင်တယ်။ အဲဒါတွေကို အဓိက ပြောချင်တယ်။ အနှိမ်ခံရတာတို့၊ အစော်ကားခံရတာတို့ များတယ်။ အရမ်းကိုလည်း ရင်နာဖို့ကောင်းတယ်။ ကူညီမယ့်သူလည်း မရှိဘူး”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အမြောက်အများရှိရာ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင်ဒေသက နေရာသုံးနေရာကို သွားရောက် လေ့လာ ကြည့်ရှုမှာဖြစ်ပြီး အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းအချို့ကို တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီနောက် ဘန်ကောက်မြို့မှာ ဒီကနေ့ စတင်ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိပေမယ့် အသေးစိတ် မသိရသေးပါဘူး။

ထိုင်းနိုင်ငံမှာ ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဇွန်လ ၃ ရက်နေ့ မနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာပါလိမ့်မယ်။