RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလားမသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ်ဆိုပေမယ့် သူပစ်လိုက်တဲ့ဟာက သစ်သားအချွန်လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေးတယောက်ကို ထိသွားတယ်။ အဲဒါတွေကတော့ နဲနဲ လွန်လာပြီလေ။ ဥပ္ပသီရိနဲ့ ဒက္ခိဏသီရိထင်တယ်။ အဲဒီ ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ်ဆိုတာဟာ အင်မတန်မှ အကျဉ်းတန်တယ်"
ဒီဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေ ဖြစ်ပြီး ဒါဟာ ပြစ်မှုကျူးလွန်တာ ဖြစ်တယ်ဆိုတာ ကျူးလွန်သူနဲ့ အများပြည်သူ သိရှိအောင် ပြည်ထောင်စု ကော်မရှင်တင်မက အစိုးရကပါ တရားဝင် သတိပေးစာ ထုတ်ပြန်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။