ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့ ပြောပါတယ်။

ဒီအခမ်းအနားအတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရုံးက စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ ရှိမရှိ ဆိုတာကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ် တင်မြှောက်ခဲ့တာဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုပြီးကောင်းမွန်လာဖို့ အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် Ms. Nancy Pelosi ရဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာ သမ္မတ အိုဘားမား အစိုးရရဲ့ ဝိုင်းဝန်း ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လွှတ်တော်အနေနဲ့ အသိအမှတ်ပြုကြောင်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲ တကယ်လိုလားတယ် ဆိုတာကို ပြသတဲ့အနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ သတင်းမီဒီယာနဲ့ အင်တာနက်သုံးစွဲမှုမှာ အကန့်အသတ်တွေကို အဆုံးသတ်ဖို့နဲ့ တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ စစ်မှန်တဲ့ ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို အောက်လွှတ်တော် အမတ် Nancy Pelosi က ကြေညာချက်မှာ တိုက်တွန်းသွားပါတယ်။