မြန်မာ့ပြုပြင်ပြောင်းလဲမှု အမေရိကန်အစိုးရ ကူညီမည်

မနေ့က အမေရိကန် လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေကို ကျေးဇူး တင်ရှိကြောင်း ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေ တောင့်တနေကြတဲ့ ဒီမိုကရေစီ အရေးအတွက် တည်ကြည်ခိုင်မာတဲ့ လုံ့လနဲ့ ကူညီခဲ့တဲ့ အမေရိကန်လွှတ်တော် အမတ်တွေကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်လို့ ပြောခဲ့တာပါ။

အမှောင်ချထားခံရတဲ့ နှစ်ပေါင်းများစွာ အတွင်း လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ မြန်မာပြည်သူတွေအတွက် အလှမ်းကွာဝေး နေချိန်မှာ မိမိတို့ရဲ့ ကြိုးပမ်းမှုတွေကို အမြဲတမ်း စိတ်ထဲ နှလုံးသားထဲ ထည့်ပေးထားခဲ့တဲ့ အမေရိကန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး ဥပကာရ တင်ရှိပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အဲဒီ အခမ်းအနားမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းနေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူ အားလုံးကို ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ သမ္မတ ဦးသိန်းစိန် အပါအဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍအသီးသီးက ပြုပြင်ပြောင်းလဲရေး လိုလားသူ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ လူမှုအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲကြိုးပမ်းသွား မှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ နေ့လည်ပိုင်းက အမေရိကန်သမ္မတ အိုဘားမားနဲ့အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှု အားလုံးကို အမေရိကန် အစိုးရအနေနဲ့ ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားတယ်လို့ အေပီသတင်းမှာ ရေးသားပါတယ်။ နှစ်ဖက် ဆွေးနွေးမှုကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။